၂၀၂၄ ခုနှစ်အတွက် ထိုင်းဘတ်ဂျက်ကို ပြင်ဆင်နေပြီး လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ပညာရေးကဏ္ဍက ဘတ်ဂျက်ရှယ်ယာ အများဆုံး ရလေ့ရှိပါတယ်။ အခြားဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့တောင် ယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ပညာရေးကဏ္ဍက ဘတ် ၃၂၈ ဘီလီယံ ဘတ်ဂျက်ရရှိမှာ ဖြစ်ပါတယ်။ အရင်နှစ် ပမာဏနဲ့ အတူတူပါပဲ။ (အမေရိကန် တဒေါ်လာကို ပျမ်းမျှ ၃၅ ဘတ်နှုန်းထားတွက်ရင် ဒေါ်လာ ၉ ဒသမ ၃၇ ဘီလီယံ ရှိပါတယ်။ အရင်ကာလတွေမှာ ပညာရေးက နံပါတ် ၁ ဖြစ်ပေမဲ့ ဒီနှစ်တော့ ပြည်ထဲရေးက ၁၊ ပညာရေးက ၂ ဖြစ်သွားပါတယ်။)
ဒါပေမဲ့ ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့ (TDRI) က သုတေသီ Thunhavich Thitiratsakul ကတော့ ရန်ပုံငွေကြောင့်တော့ ပညာရေးက တိုးတက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ထိုင်းကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်က ဆက်တိုက် ကျဆင်းနေခဲ့ပါတယ်။ ကျောင်းသားတွေ အရည်အသွေးကို ဆန်းစစ်တဲ့ ပီဆာ [Programme for International Student Assessment (Pisa)] စာမေးပွဲတွေမှာ အမှတ်မကောင်းနေပါဘူး။ ပီဆာ စာမေးပွဲ ဆိုတာကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတွေကို သင်္ချာ၊ သိပ္ပံ၊ အဖတ် ကျွမ်းကျင်မှုတွေကို နိုင်ငံ ၈၁ နိုင်ငံက ကလေးတွေကို ၃ နှစ်တကြိမ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စကျဆင်းနေခဲ့ပြီး ၂၀၁၈ မှာ ဆိုးလာ၊ ၂၀၂၂ ပီဆာ စာမေးပွဲမှာတော့ အဆိုးဆုံး ဖြစ်နေပါတယ်။ ဒီအချက်က ပညာရေးကို အခြေခံကျကျ ပြောင်းလဲဖို့ လိုအပ်နေတာ ပြသနေတယ်လို့ Thunhavich Thitiratsakul က ပြောပါတယ်။
အခု ပညာရေးဘတ်ဂျက် ၃၂၈ ဘီလီယံဘတ်ထဲက ၇၇ ရာခိုင်နှုန်း အများစုကို အခြေခံ ပညာရေးကော်မရှင် (OBEC) က ရရှိမှာဖြစ်ပါတယ်။ ဒီရန်ပုံငွေကနေ အစိုးရကျောင်း ၂၉,၀၀၀ နဲ့ ဒေသဆိုင်ရာရုံး ၂၄၅ ခု၊ ဝန်ထမ်း ၅ သိန်းကျော်ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ပညာရေးဘတ်ဂျက်ရဲ့ အများစု ၇၃ ရာခိုင်နှုန်းက ဝန်ထမ်းလခများအတွက်ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းကတော့ ကလေး အသက် ၁၅ နှစ်အထိ အခမဲ့ပညာရေးအစီအစဉ် (15-year Free Education Programme - FEP) ကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ ကလေး ၆ သန်းအတွက် အကျုံးဝင်ပါတယ်။ ၁၁ ရာခိုင်နှုန်းသော ဘတ်ဂျက်ကတော့ အဆောက်အဦတွေ ဆောက်လုပ်ဖို့နဲ့ အပိုဆောင်း စီမံကိန်း ၄၀ ခု ပါဝင်ပါတယ်။
Thunhavich Thitiratsakul က အသေးစိတ်ကို ခွဲခြားပြရာမှာ သာမန်ကျောင်းတွေနဲ့ သင်္ချာ- သိပ္ပံ အထူးပြုသင်ကျောင်း (STEM education) တွေအကြား ရန်ပုံငွေ ကွာခြားပါတယ်တဲ့။ သာမန်အစိုးရကျောင်းက ကလေးတွေက တဦးကို ပျမ်းမျှ ၆,၁၀၀ ဘတ်သာ ရကြပေမဲ့ STEM education ကျောင်းက ကလေး ၄,၆၂၀ အတွက်က များနေပါတယ်။ တဦးကို ပျမ်းမျှ ၁၆,၈၁၅ ဘတ် ရရှိမှာဖြစ်ပြီး ၂၇ ဆတောင် ကွာခြားနေတယ်လို့ ဆိုပါတယ်။ ဒီနှစ် ပညာရေးဘတ်ဂျက်မှာ ဘတ်သန်း ၄၈၂ ကို ဘယ်နေရာကမဆို၊ ဘယ်အချိန်မဆို လေ့လာနိုင်ဖို့ “Learning Any Time, Any Place” ဆိုတဲ့ စီမံကိန်းအတွက် သုံးထားပါတယ်။ သဘောက ဒစ်ဂျစ်တယ် လေ့လာရေးကို အားပေးတာပါ။
၂၀၂၂ ခုနှစ်မှာ ကျောင်းသားတွေ PISA စာမေးပွဲ အမှတ်နိမ့်နေကျတော့ TDRI အဖွဲ့က သုတေသီ Pongtat Vanichanan က လေ့လာပြီး အကြံပြုချက် ၃ ခု လုပ်ပါတယ်။ ပထမအချက်က ဆရာတွေကို အုပ်ချုပ်ရေးကိစ္စတွေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေရတာ လျှော့ချပေးပါတဲ့။ ဆရာတွေက စီမံချက် (ပရောဂျက်) တွေရဲ့ ငွေစာရင်းတွေကို တွက်ချက် တင်ပြနေရတာနဲ့ အတော်အလုပ်ရှုပ်လှတယ်လို့ ဆိုပါတယ်။ ဆရာလိုအပ်ချက်တွေလည်း ရှိပြီး နောက်ထပ် ဆရာ ၅ သောင်းလောက် ခန့်အပ်ဖို့ ထပ်လိုအပ်ပါမယ်။
ဒုတိယအချက်ကတော့ ခေတ်နောက်ကျနေတဲ့ ပင်မသင်ရိုး (core curriculum) ကို ပြင်ဆင်ဖို့ပါ။ အခုသင်ရိုးက မပြင်ဆင်ဘဲ ထားတာ ၁၅ နှစ် ရှိနေပါပြီ။
တတိယအချက်က ကျောင်းငယ်လေးတွေရဲ့ အရည်အသွေးနဲ့ ထိရောက်မှုဖြစ်စေဖို့ ပေါင်းပစ်ရင်လည်း ပေါင်းပစ်၊ ဒါမှမဟုတ်ရင် ကျောင်းကွန်ရက်တွေ ဖွဲ့စေဖို့နဲ့ ရပ်ရွာက လူထုတွေကို ပါဝင်ဆောင်ရွက်ခွင့် ပေးဖို့ပါ။ ဝေးလံခေါင်သီတဲ့ ဒေသက ကျောင်းငယ်လေးတွေ ပိတ်ပစ်ပြီး ပေါင်းလိုက်ဖို့တော့ သူတို့က အကြံမပေးပါဘူး။ ဒါပေမဲ့ သွားသင်မယ့် ဆရာတွေကို ဆွဲဆောင်မှုတွေ ပေးဖို့လိုတယ်။ ကျောင်းတွေ ပိတ်ပစ်၊ ပေါင်းပစ်မယ် ဆိုရင်တောင် ရပ်ရွာလူထုတွေ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၂၄-၂၅ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲနေပါပြီ။ မနေ့က သတင်းစာအရ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်း ညှိနှိုင်းအစည်းအဝေးတက်ပြီး ပြောဆိုတာ တွေ့ရပါတယ်။ ပညာရေးကဏ္ဍ ဘတ်ဂျက် ဘယ်လိုလာမယ် မသိရသေးပါဘူး။ ဒါပေမဲ့ တပ်မတော်သားတွေရဲ့ ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်ဆံဖျားစရိတ်၊ မကြာသေးမီက သက်ဝင်ခဲ့တဲ့ စစ်မှုထမ်းဥပဒေအတွက် သင်တန်းသား ထောက်ပံ့စရိတ်တွေကိုပါ ဘတ်ဂျက်ထဲ ထည့်ထားတယ်ဆိုတာ တွေ့ရပါတယ်။ ဘတ်ဂျက်လိုငွေပြမှုနဲ့ GDP အချိုးက ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး မနှစ်ကထက် ဘတ်ဂျက်လိုငွေနဲ့ GDP အချိုး ၀ ဒသမ ၀၂ ရာခိုင်နှုန်း များလာတယ်လို့ ဖတ်ရပါတယ်။
အောင်သူငြိမ်း