Home
မြန်မာသတင်း
ရမ်းဗြဲတွင် စစ်တပ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
March 13, 2024
YanByeAirStrike_13032024

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ချောင်းဖျားတိုက်နယ်မှာ မတ် ၁၂ ရက် ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတဦး သေဆုံးခဲ့ပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ရမ်းဗြဲမြို့နယ်၊ ချောင်းဖျားတိုက်နယ် တဖက်ရွာမှာ မနေ့ည ၁၀ နာရီခွဲက လေးတောင်တိုက်နယ် ကျောက်ဦးမော်ကြားမှာ ကျောက်ချထားတဲ့ F-23 စစ်ကောင်စီ ရေတပ်သင်္ဘာက ရမ်းဗြဲမြို့နယ်အနီးရှိ ကျေးရွာတွေကို လက်နက်ကြီးကျည်နဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တဖက်ရွာနေသူတဦးက ပြောပါတယ်။

“မနေ့ကညက ရွာထဲကို နေဗီက လက်နက်ကြီးနဲ့ ၄ ကြိမ်လောက်ပစ်တာ။ ကျည်တလုံးက ဦးမောင်ခင်နုအိမ်မှာ ကျကွဲပြီး ဦးမောင်ခင်နုနဲ့ ဒေါ်မေအောင်တို့နှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာပါ။ မြို့ပေါ်ကနေ သူတို့အိမ်မှာ စစ်ဘေးရှောင်လာနေတဲ့ သူတယောက်လည်း ဒဏ်ရာပြင်းထန်ရသွားတာ။ သူတို့ခြံထဲက နွားတကောင်လည်း သေသွားတယ်။”

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရမ်းဗြဲမြို့နယ်၊ ​ချောင်းဖျားတိုက်နယ်၊ တဖက်ရွာနေ ဦးမောင်ခင်နု (၆၁နှစ်)၊ ဒေါ်မေအောင် (၃၇နှစ်) နဲ့ နေအိမ်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ရမ်းဗြဲမြို့၊ အမှတ် ၁ ရပ်ကွက်က ဒေါ်စောတင် (၆၅နှစ်) တို့မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

အဲ့ဒီဒဏ်ရာရသူတွေအနက် ဦးမောင်ခင်နုဟာ ချောင်းဖျားတိုက်နယ်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေစဥ် ဒီကနေ့ မတ် ၁၃ ရက် မနက် ၇ နာရီခွဲက သေဆုံးခဲ့ကြောင်း ရွာခံတွေဆီက သိရပါတယ်။

အလားတူ  မတ် ၁၂ ရက် နေ့လယ်ပိုင်းက ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်လေးလုံး ပျက်စီးခဲ့ပြီး ခိုင်းနွားမတကောင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဆောက်အအုံတခုအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာ နေထိုင်တာ၊ လူစုလူဝေး ပြုလုပ်တာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ ဗုံးခိုကျင်းတူး နေထိုင်ကြဖို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) က အသိပေး တိုက်တွန်းထားကြောင်း သိရပါတယ်။

Photo-APM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013