မန္တလေးတိုင်း၊ တကောင်းမြို့နဲ့ လက်ပံကုန်းကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို မတ် ၅ ရက်ကစပြီး မတ် ၇ ရက်အထိ စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား လေးဦး အရှင်ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
တကောင်းမြို့နဲ့ လက်ပံကုန်းကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုနဲ့ အမှတ် ၃ အထူးလှုပ်ရှားတပ်ရင်း (SR-3)၊ အမှတ် ၅၁၁ တပ်ရင်း၊ အမှတ် ၅၁၂ တပ်ရင်း၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သပိတ်ကျင်း-ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သား ၁၄ ဦးသေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦး ကျဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
PDF ရဲဘော်တဦးက “ကျဆုံးသွားတဲ့ PDF က စစ်သားတွေကို ထပြီးပစ်ရင်းနဲ့ ထိသွားတာပါ” လို့ ပြောပါတယ်။
တကောင်းမြို့မှာ သုံးရက်တာ တိုက်ပွဲအတွင်း မတ် ၇ ရက် တရက်တည်း လေကြောင်းနဲ့ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်မှာလည်း လက်နက်ကြီး ပစ်ခတ်တာကြောင့် ဆင်ညှပ်ကုန်းရွာက အမျိုးသမီးတဦး လည်ပင်းကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “လေကြောင်းပစ်တာတော့ ပြည်သူထိခိုက်တာ မရှိပါဘူး။ လက်နက်ကြီးထိထားတဲ့ အမျိုးသမီးလည်း သက်သာပြီလို့ကြားတယ်။ စစ်ရှောင်တွေလည်း ပြန်ရောက်နေပြီ” လို့ ပြောပါတယ်။
တကောင်းမြို့ထဲကို မတ် ၄ ရက်ကစတင်ပြီး မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မတ် ၈ ရက် မနက်မှာ တကောင်းမြို့ထဲ ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။