ကရင်နီဒေသ အခြေစိုက် စစ်ရေးလှုပ်ရှားမှုတွေကို KNDF၊ KA အဖွဲ့တို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ Loikaw Local PDF အဖွဲ့က လက်နက်ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ စိတ်အားထက်သန်သူတွေကို တပ်သားသစ်အဖြစ် လက်ခံခေါ်ယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။
Alpha 1၊ Alpha 2၊ Alpha 3၊ Alpha 4 ဆိုပြီး တပ်ရင်း ၄ ရင်းနဲ့ ဖွဲ့စည်းထားတဲ့ Loikaw Local PDF အဖွဲ့က အခုတကြိမ် ခေါ်ယူတာဟာ Alpha 2 အတွက် ဖြစ်တယ်လို့ Loikaw Local PDF ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။
“အဓိကခေါ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီကနေ စစ်မှုမထမ်းမနေရဆိုပြီး ဥပဒေ ထုတ်ပြန်လိုက်တဲ့နောက်မှာ ကျနော်တို့ဆီကို ဆက်သွယ်လာတာတွေရှိတယ်။ ပြီးတော့ သူတို့တွေ ဒီကြားထဲမှာ တောင်စဉ်ရေမရဖြစ်နေပြီး စိုးရိမ်ကြောင့်ကျနေတာမျိုးတွေ ရှိတယ်။ လမ်းမှားရောက်သွားမှာလည်း ဆိုးတယ်ပေါ့။ လူငယ်တွေ စိတ်မလေရအောင် စစ်ကောင်စီလက်ထဲမှာ တာဝန်မထမ်းချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးတာမျိုးလည်း ပါတယ်။ တော်လှန်ရေးအရှိန်ကို မြှင့်တဲ့သဘောအနေနဲ့ ခေါ်တာဖြစ်ပါတယ်။”
သင်တန်းသားအဖြစ် ခေါ်ယူရာမှာ သတ်မှတ်ချက်အနေနဲ့ အသက် ၁၈ နှစ်မှ ၄၀ အတွင်းဖြစ်သူ၊ ပင်ပန်းဆင်းရဲဒဏ် ခံနိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူ၊ စစ်ကောင်စီတပ်နဲ့ မပတ်သက် မဆက်နွှယ်သူ၊ တော်လှန်ရေးကို စိတ်ပါဝင်စားသူ၊ အနည်းဆုံး ၁ နှစ် Loikaw Local PDF မှာ တာဝန်ထမ်းဆောင်နိုင်သူနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာနိုင်သူတွေကို ရွေးချယ်သွားပြီး ရွေးချယ်ခံရသူတွေဟာ အနည်းဆုံး စစ်သင်တန်းကာလ ၃ လ တက်ရောက်ရမှာ ဖြစ်ပါတယ်။
“ကျနော်တို့ဆီမှ မဟုတ်ဘူး၊ လူငယ်တွေအနေနဲ့ တော်လှန်ရေးကို စိတ်ဝင်စားရင် နီးစပ်ရာ တပ်ဖွဲ့တွေမှာ ပါဝင်လို့ရပါတယ်။ ကျနော်တို့အနေနဲ့တော့ လူငယ်တွေကို ဒါပဲမှာနိုင်ပါတယ်” လို့ သူကပြောပါတယ်။
Loikaw Local PDF အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မဟာဗျူဟာရေးဆွဲထားပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) နဲ့ တခြားသော မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။