Home
မြန်မာသတင်း
ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
March 12, 2024
LamineHospital_12032024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာမှာ စစ်ကောင်စီအတွက် ဆက်ကြေးကောက်ခံပေးနေသူတဦး မတ် ၁၁ ရက် ညက နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။

သောင်ပြင်ကျေးရွာ၊ အကွက်အမှတ် ၁၆ နေ အသက် ၅၃ နှစ်အရွယ် ဦးသန်းစိုးဟာ နေအိမ်မှာ မနေ့ည ၁၁ နာရီက လက်နက်ကိုင်အဖွဲ့တခုရဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညဉ့်နက်ပိုင်းကြီး သေနတ်ပစ်သံကြားလိုက်တာ သုံးလေးချက်လောက်ရှိမယ်။ သူ့ရဲ့မိသားစုဝင်တွေ ပြောတာက အိမ်ရှေ့က တံခါးခေါက်သံကြားလို့ဆိုပြီး အိမ်နောက်ဘက်ကို ထွက်ပြေးတာ သေနတ်နဲ့ အပစ်ခံလိုက်ရတာပဲ။”

သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းစိုးမှာ နေအိမ်နောက်ဘက် မလှမ်းမကမ်းမှာ သေဆုံးသွားခဲ့ပြီး သူ့ရဲ့အနီးမှာ 5.56 ကျည်ခွံ၊ M16 ကျည်ခွံနဲ့ 380 ပစ္စတိုကျည်ဆန်တွေ ကျကျန်ခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သောင်ပြင် လူမှုကူညီရေးအဖွဲ့က ဒီကနေ့ မတ် ၁၂ ရက် မနက်ပိုင်းမှာ ရေးမြို့နယ် လမိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ ဘယ်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး ဘာကြောင့်ပစ်ခတ်ခတ်ခဲ့တယ်ဆိုတာ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဦးသန်းစိုးဟာ သောင်ပြင်ကျေးရွာမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေထံက နယ်မြေခံတပ်ရင်းအတွက် ဆက်ကြေးငွေ ကောက်ခံပေးနေသူတဦးဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013