Home
မြန်မာသတင်း
ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်က  အပြီးသတ် သိမ်းပိုက်
DVB
·
March 12, 2024
Yan 1232024
Yan 6 1232024
Yan 5 1232024
Yan 4 1232024
Yan 3 1232024
Yan 2 1232024
Yan 1 1232024

ရခိုင်ပြည်နယ်တောင်ပိုင်းက စစ်ရေးနဲ့ စီးပွားရေးကူးသန်းရောင်းဝယ်ရေးတို့အတွက် အချက်အချာကျတဲ့ ရမ်းဗြဲကျွန်းပေါ်က ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (အေအေ)က  ၈၅ ရက်ကြာ အပြင်းအထန်တိုက်ပွဲတွေအပြီးမှာ စစ်ကောင်စီတပ်ရင်းတွေအားလုံးကို တိုက်ထုတ်ပြီး မေလ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ အေအေက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက် ရမ်း‌‌ဗြဲမြို့ပေါ်ရပ်ကွက် အောင်ချမ်းသာကနေ စတင်ခဲ့တဲ့ မြို့တွင်းတိုက်ပွဲ ၈၅ ရက်ကြာမှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ခတ်မှုတွေကြားကနေ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပြီးတော့ ရမ်းဗြဲမြို့ပေါ်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုပါ လိုက်လံရှင်းလင်းနေတယ်လို့ အေအေရဲ့  ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

ရမ်းဗြဲမြို့တွင်းမှာတော့ စစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးအကြွင်းအကျန်တွေကြောင့် ရမ်းဗြဲမြို့ခံတွေအနေနဲ့ မိမိတို့ အိမ်တွင်းကို အလျင်စလို မဝင်ရောက်ကြဖို့နဲ့ မိုင်းအန္တရာယ်ကို သတိထားကြဖို့ အေအေက သတိပေးထားပါတယ်။

ရမ်း‌ဗြဲမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ကုလားတန်းရပ်ကွက်နေ ဒေသခံတဦးက “မြို့ထဲကို မဝင်ရတာကြာက သုံးလလောက်ရှိနေပြီ။ အိမ်ရော ဈေးပါ မီးလောင်တဲ့ထဲပါသွားတော့ မြို့ထဲဝင်ရရင်‌တောင် ဘယ်နေရာသွားပြီးနေရမယ်၊ ဘာလုပ်ကိုင်စားသောက်ရမယ်ဆိုတာ မသိသေးဘူး။ မြို့ထဲမှာလည်’ မိုင်းလက်ကျန်တွေ လက်နက်ကြီးတွေက ကျန်သေးတော့ ဝင်ရမှာကိုလည်း ကြောက်တယ်။ အိမ်က ပြာကျသွားရင်တောင် ပြာပုံကိုတော့ တခေါက်ဝင်ကြည့်ချင်သေးတယ်” လို့ ပြောပါတယ်။

မြို့တွင်းတိုက်ပွဲတွေကြောင့် ရမ်း‌ဗြဲမြို့ပေါ်က ရမ္မာဝတီမြို့မဈေးအပါအဝင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ လောင်းချောင်း၊ အောင်စေတီ၊ ရွှေတုံး၊ ကုလားတန်း၊ ကင်းတဲ၊ သာယာကုန်းစတဲ့ ရပ်ကွက်တွေက နေအိမ်အများစုဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ စစ်တပ်ရဲ့ မီးရှို့မှုတွေကြောင့် မီးလောင်ပျက်စီးကုန်ပါတယ်။

ရမ်းဗြဲမြို့ဟာ ရခိုင်ပြည်နယ်တိုက်ပွဲအတွင်းမှာ ပေါက်တောမြို့ပြီးရင် ပျက်စီးဆုံးရှံးမှုနဲ့ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီးတော့ ရမ်းဗြဲမြို့ပေါ်ကို စစ်ကောင်စီဘက်က‌နေ နှစ်ကြိမ်တိတိ အဆိပ်ဓာတ်‌ငွေ့တွေ သုံးပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ အေအေက စစ်ကောင်စီရဲ့ စစ်ရေးအရအ‌ရေးပါတဲ့ တပ်စခန်းတွေ ဗျူဟာကုန်းတွေနဲ့ ရမ်းဗြဲမြို့အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ တောင်ပြို လက်ဝဲလက်ယာမြို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တွေကိုပါ သိမ်းပိုက်ထားပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲမှာ  မြို့နယ် ၇ ခုနဲ့ မြို့ ၁၁ မြို့ကို အေအေက သိမ်းပိုက်ထားပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျန်ရှိနေသေးတဲ့ မြို့တွေမှာပါ တိုက်ပွဲတွေ ပြင်းထန် ဆက်ဖြစ်နေပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်တွေက  အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေပြီး  ရခိုင်ဒေသတွင်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ တိုးလာပြီးတော့ ရခိုင်ပြည်နယ်တဝန်း စစ်ဘေးရှောင် ၃၃၀၀၀၀ ကျော်ရှိတယ်လို့ အေအေက ထုတ်ပြန်ထား ပါတယ်။

ပုံ-ရမ်းဗြဲမြို့တွင်းတိုက်ပွဲတွင်း အပျက်အစီးများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013