Home
မြန်မာသတင်း
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှာ စိုးရိမ်သဖြင့် ဒေါ့ဖုန်းယန်ပြည်သူများ တောတောင်တွေထဲ တိမ်းရှောင်နေ
DVB
·
March 11, 2024
DotPhoneYan IDPs_11032024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ ခလရ ၁၄၂ တပ်ရင်းက စစ်ကောင်စီ တပ်သား တွေ မတ် ၈ ရက် မနက်မှာ ကေအိုင်အေထံ လက်နက်ချခဲ့တာကြောင့် ဒေါ့ဖုန်းယန်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေမရှိတော့ပေမဲ့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံပြည်သူတွေ တောတောင်တွေထဲ တိမ်းရှောင်နေဆဲဖြစ်ပါတယ်။

ဒေါ့ဖုန်းယန်မြို့ခံတဦးက “ရွာကို ပြန်လာကြတာတော့ မရှိသေးဘူး။ သက်ကြီးရွယ်အိုတွေတော့ တောထဲ တိမ်းရှောင်နေတုန်းပဲ။ သွားလာနိုင်တဲ့သူတွေတော့ ခဏလာတာတွေရှိတယ်၊ အသက်ကြီးတဲ့သူတွေကတော့ ကိုယ့်အိမ်ကိုယ့်ရာမှာ ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ မပြန်ကြသေးဘူး။ ပြန်လို့မရတာက အခုလို လေယာဉ်က နေ့ရော ညကရော ပျံနေသေးတယ် ဆိုတော့ ကျနော်တို့က စစ်ကောင်စီက ရှုံးပြီဆိုရင် ရွာကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးတာတွေ အညာဘက်မှာတွေ ဖြစ်တယ်ဆိုတာ ကြားသိရတော့ အသက်ကြီးတဲ့သူတွေက မပြန်သေးဘူး၊ သွားလာရ ခက်တယ်ဆိုတော့ အသက်ငယ်သွားလာနိုင်တဲ့သူတွေပဲ၊ ပြန်ရဲတဲ့သူတွေပဲ ပြန်ကြတယ်၊ အများစုကတော့ မပြန်သေးဘူး” လို့ ပြောပါတယ်။

ဒေါ့ဖုန်းယန်မြို့က ပြည်သူတွေဟာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ခြေရှိတာကြောင့် မတ်လဆန်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒေါ့ဖုန်းယန်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေမရှိပေမဲ့ ဒေါ့ဖုန်းယန်အထက် အရင် လိုင်ဇာမြို့ဝင်ပေါက် မုခ်ဦး လဂျားယန် ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဒေါ့ဖုန်းယန်မြို့ပတ်ဝန်းကျင်မှာ ဖွန်ပျန်ဘွမ်၊ ခယာဘွမ်၊ ခန်းကိုင်ဘွမ် စစ်ကောင်စီ တပ်စခန်းတွေကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ကိုလည်း ပြန်လည်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ နီးစပ်သူတဦးကနေ သိရပါတယ်။

လဂျားယန်ပတ်ဝန်းကျင်က ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်းကိုလည်း မတ် ၁၀ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ရရှိထားပြီးတော့ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေတယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

မိုးမောက်မြို့နယ် မြစ်ကြီးနား-မိုးမောက် လမ်းမဘေးက ဒါဆိုင်စစ်ကောင်စီတပ်စခန်းနဲ့ နွမ်လန် ခ.မ.ရ ၄၃၈ တပ်စခန်းတွေကိုလည်း ကေအိုင်အေက မတ် ၇ ရက်နေ့ မနက်က စတင်တိုက်ခိုက်ရာမှ မတ် ၁၀ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါဆိုင်းကတော့ မနေ့တနေ့က ရခါနီးပဲတဲ့၊ ဗန်းမော်ဘက်ကနေလာတဲ့ စစ်ကူပြန်ရောက်လာတော့ မသိမ်းနိုင်ဖြစ်သွားတယ်လို့ ကြားတယ်။ ဒီနေ့လည်း ဆက်ဖြစ်နေတယ်၊ နွမ်လန်လည်း တိုက်နေတုန်းပဲ၊ တိုက်ပွဲတော့ ပြင်းထန်တယ်လို့ ပြောရမယ်၊ လေယာဉ်လည်း လာနေဆဲ ဆိုတော့” လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော် လိုင်ဇာဌာချုပ်အနီးက ခယာတောင်ကြောပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေဆဲဖြစ်ပြီးတော့ လိုင်စင်ဒေသက ပါဂျောင် နာဖော စစ်ကောင်စီတပ်စခန်းတွေကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က မတ် ၇ ရက်နေ့မှာ စတင်တဲ့ ထိုးစစ်အတွင်း မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၂ ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013