ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ဆင်ရေကန်လမ်းမှာ မတ် ၅ ရက် ညနေက ရှေ့နေတဦး ဓားခုတ်ခံခဲ့ရကြောင်း မြို့ခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက် ညနေ ၄ နာရီလောက်က ဂဠုန်ရပ်ကွက်၊ ဆင်ရေကန်လမ်းမှာ လူမိုက်ကျော်ဝင်းစိန်အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးနေလင်းအောင် ဓားခုတ်ခံခဲ့ရတာလို့ ရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။
“ဖြစ်တာက ကိုရှည်ကြီး ကားဝပ်ရှော့ဆိုင်ရှေ့မှာပါ။ တရားရုံးက ပြန်လာတာထင်တယ်၊ တိုက်ပုံအမဲတောင် မချွတ်ရသေးဘူး။ ကားပေါ်ကဆင်းပြီး ဖုန်းပြောနေတုန်း လူ ၃ ယောက်က သူ့ဖုန်းကို ဝင်လုရာက ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတာ။”
ဓားနဲ့အခုတ်ခံခဲ့ရတဲ့ အသက် ၄၂ နှစ်အရွယ် ဦးနေလင်းအောင် အမှတ် ၁၄ဝ၆၊ ရတနာနှင်းဆီအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေသူမှာ သူပိုင်ဆိုင်တဲ့ Toyota Celsior ငွေမင်ရောင်ကားပေါ်က ဆင်းပြီး အလုပ်ကိစ္စနဲ့ လမ်းလျှောက်ဖုန်းပြောနေစဉ် လူ ၃ ဦးက သူ့လက်အတွင်းက လက်ကိုင်ဖုန်းကို လုယူရာက ပြန်လည်ခုခံခဲ့တာကြောင့် ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားကြကြောင်း သိရပါတယ်။
ဓားခုတ်ခံရတာကြောင့် ဦးနေလင်းအောင်မှာ ယာလက်မ/လက်ညှိုး၊ ဝဲလက်ကောက်ဝတ်၊ ယာဒူးခေါင်း၊ ဝဲလက်သန်း ပြတ်ရှဒဏ်ရာတွေနဲ့ ယာဝမ်းဗိုက် ပွန်းခြစ်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ရဲသတင်းတွေမှာ ဖော်ပြထားပါတယ်။
ရှေ့နေ ဦးနေလင်းအောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ညက ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှာ လူမိုက် ကျော်ဝင်းစိန် ဓားခုတ်သတ်ဖြတ်ခံရတဲ့အမှုကို လိုက်ပါဆောင်ရွက်နေသူတဦး ဖြစ်ကြောင်း ရှေ့နေအသိုက်အဝန်းက သိရပါတယ်။