ထိုင်းအနောက်မြောက်ပိုင်းကန်ကျနပူရီခရိုင်၊ ဆန်ခလာပူရီမြို့နယ်ထဲမှာ မြန်မာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့အတုနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
အမှတ် ၁၃၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မတ် ၆ ရက် မနက်က နယ်စပ်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေစဉ် ဆန်ခလပူရီမြို့နယ် ပလန်ဖယ်အုပ်စု နယ်မြေ ၄ ရှိ ခေါဝ်လဲမ်အမျိုးသားဥယျာဉ်အဝင်လမ်းဘေးမှာ ရပ်ထားတဲ့ အညိုရောင် နစ်ဆန်ဟိုင်းလပ်ကား ၁ စီးကို မသင်္ကာလို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
ယာဉ်မောင်းသူမှာ မြန်မာအမျိုးသားတဦးဖြစ်ပြီး အနောက်ခန်းမှာလည်း မြန်မာနိုင်ငံသား ၆ ဦး လိုက်ပါလာကြောင်း၊ တာဝန်ရှိသူက အထောက်အထား တောင်းကြည့်ရာမှာ အားလုံး မြန်မာပတ်စပို့ ကိုင်ဆောင်ထားကြကြောင်း၊ လိုအပ်တာတွေမေးမြန်းဖို့ ဆန်ခလပူရီ နယ်မြေရဲ စခန်းကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ရဲစခန်းမှာ သူတို့ပတ်စပို့တွေ စစ်ဆေးရာမှာတော့ ယာဉ်မောင်းသူကိုင်တဲ့ စာအုပ်ကလွဲပြီး ကျန်တဲ့ ၆ ယောက်လုံးက အတုတွေဖြစ်နေတယ်လို့ ဆိုပါ တယ်။
ဆက်လက်စစ်ဆေးမေးမြန်းချက်အရ ပတ်စပို့အတုကိုင်တဲ့ ၆ ဦးဟာ ဘုရားသုံးဆူဘက်က ဝင်လာပြီးတခြားပွဲစားကား တစီးနဲ့ တောလမ်းအတိုင်း ဆန်ခလပူရီဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းဘက် အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊၊ ဆန်ခလပူရီမှာ အခုဖမ်းမိတဲ့ ကားပေါ်ပြောင်းစီးပြီးနောက် တယောက် ဘတ် ၁၃,၀၀၀ နှုန်းနဲ့ ကန်ကျနပူရီထိ ပို့ပေးဖို့ ပွဲစားက ဆက်သွယ်လာတာလို့ ကားသမားက ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ရော စာရွက်စာတမ်းတုပမှုဥပဒေနဲ့ပါ အရေးယူသွား မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အဘက်ဘက် ယိုယွင်းနေလို့ နိုင်ငံသားတွေ ပြည်ပနိုင်ငံမှာ သွားရောက် လုပ်ကိုင်စားသောက်နေရာမှာ စစ်မှုထမ်းဥပဒေစတင်ကျင့်သုံးပြီးနောက် ထိုင်းကို တရားမဝင်ဝင်ရောက်မှု ပိုများလာပြီး နေ့စဉ်လို ဖမ်းဆီးခံနေကြရပါတယ်။
ကန်ကျနပူရီခရိုင် နောင်လူးမြို့နယ်ထဲမှာ မတ် ၅ ရက်ကလည်း နေရာ ၂ ခုကနေ ကလေးငယ်တွေအပါအဝင် တရားမဝင် မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မတ် ၅ ရက် တနေ့တည်းမှာပဲ ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ်ထဲမှာ မြန်မာနယ်စပ် မယ်ဆိုင်မြို့ဘက်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉ ဦးနဲ့ သူတို့ကို ခေါ်လာတဲ့ အသက် ၂၅ နှစ်ရွယ် တောင်ပေါ်သားကတ်ကိုင်ဆောင်သူ မြန်မာလူငယ် ၁ ဦးတို့ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။
Source/Photo- Maesaipress