ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ တိုင်းရင်းသား လူငယ် ၁၇ ဦး ပြန်လွတ်လာရေးအတွက် မိဘတွေက ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။
ဘော်ဆိုင်းမြို့ရှိ ကုန်းသာဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ လူငယ် ၁၇ ဦးကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)နဲ့ ပတ်သက်တယ်ဆိုပြီး ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်ကောင်စီတပ်က စစ်ကား ၄ စီး၊ အင်အား ၁၀၀နီးပါးနဲ့ လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လူငယ် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ပြီး ဓနု၊ တောင်ရိုး တိုင်းရင်းသားလူငယ်တွေ ဖြစ်ကြပါတယ်။
အဆိုပါလူငယ်တွေနဲ့ နီးစပ်သူက "သူတို့က သာမန်အရပ်သားပါ။ အလုပ်လုပ်ဖို့ လူစုကြတာ။ အဲဒါ စစ်ကောင်စီက မတရား စွပ်စွဲပြီး ဖမ်းသွားတာ။ အဖမ်းခံရသူတွေတော့ ကလော၊ အောင်ပန်း၊ ပတာ၊ ရွာငံနယ်က လူငယ်တွေ"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ရွာငံမြို့နယ်ရှိ ရေပြာအိုင်ကို အလည်သွားတဲ့ တောင်ကြီးဒေသခံ လူငယ် ၁၁ ဦးဟာ အပြန်လမ်းပေါ် ပင်းတယကျုံးဂိတ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရေးပုဒ်မတခုနဲ့ တရားစွဲခံနေရပါတယ်။