စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အမျိုးသား ၁၁ ဦး အပိုင်းပိုင်း ခုတ်ဖြတ် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနဲ့ ကန့်ဘလူမြို့နယ်ထဲက ဦးဝါသဝ ပျူစောထီးစစ်ကြောင်းက တန့်ဆည်မြို့နယ်ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်ကနေ မတ်လ ၃ ရက်အတွင်း သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ထားတဲ့ အလောင်းတွေကို ပြန်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ ကနေ ၇၀ အကြား အမျိုးသားတွေဖြစ်ပြီး အရပ်သား ၉ ဦးနဲ့ ရပ်ကျေးပကဖအဖွဲ့ဝင် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က “ဖေဖော်ဝါရီ ၂၁ ရက်နေ့ တန့်ဆည်အနောက်ခြမ်း ကံထူးမရွာ ရဲစခန်းကို ကိုယ့်ဘက်က တော်လှန်ရေးတပ်စိပ်တွေ ပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး ရေဦးနယ်ထဲကနေ ဝင်လာတဲ့ ခလရ ၁၁၊ ခမရ ၇၀၈ ဘီလူးစစ်ကြောင်းနဲ့ ကန့်ဘလူနယ်ကနေ ဝင်လာတဲ့ ဝါသဝ ပျူစစ်ကြောင်းတို့ ပေါင်းပြီး ကံထူးမကို စစ်ကူပေးဖို့ ဝင်တဲ့စစ်ကြောင်းက သူတို့စစ်ကြောင်းဝင်တဲ့ ရွာတွေက ပြည်သူတွေကို သတ်ဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။
တန့်ဆည်မြို့နယ်ထဲက ကံထူးမ၊ သပြေယင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ခနောရွာသစ် စတဲ့ ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပြီး ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။