လက်နက်ကိုင်အုပ်စုတွေက ဟေတီနိုင်ငံရဲ့ အကြီးဆုံးထောင်ကို မတ်လ ၂ ရက်က တိုက်ခိုက်ခဲ့အပြီး ထောင်သားတွေ လွတ်မြောက်သွားခဲ့ပြီး အကြီးစား လက်နက်ကိုင် ဂိုဏ်းခေါင်းဆောင်က ဝန်ကြီးချုပ် အေရီယယ် ဟင်နရီကို ဖြုတ်ချဖို့ ကြိုးစားနေပါတယ်။
ရိုက်တာသတင်းဌာနက နိုင်ငံတော်အကျဉ်းထောင်ဆီ မတ်လ ၃ ရက်က သွားရောက် လည်ပတ်ရာမှာ အဓိကထောင်တံခါးတွေ ပွင့်နေဆဲဖြစ်ပြီး ဝန်ထမ်းဝတ်စုံဝတ် ရဲအရာရှိတွေရဲ့ အရိပ်အယောင် မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
ဘယ်သူဘယ်ဝါ နာမည်မဖော်တဲ့ ထောင်သားတယောက်က “ကျနော်ဟာ ကျနော့် အကျဉ်းခန်းထဲမှာ ကျန်ရစ်တဲ့ တယောက်တည်းသောသူပါ” လို့ ပြောပါတယ်။
ထောင်သားဘယ်နှစ်ယောက် ထွက်ပြေးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထောင်သား အယောက် ၇၀၀ ကို ထိန်းသိမ်းဖို့ ဆောက်ထားတဲ့ ဒီထောင်မှာ မနှစ် ဖေဖော်ဝါရီလက ထောင်သား ၃,၆၈၇ ယောက် ရှိနေခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စု RNDDH က ပြောပါတယ်။
တိုက်ခိုက်သူတွေနဲ့ ဝန်ထမ်းတွေကြား အပြန်အလှန် ပစ်ခတ်ချိန်မှာ သေမှာကြောက်လို့ ကျန်ရစ်တဲ့ ထောင်သား ၉၉ ယောက် ရှိတယ်လို့ စေတနာ့ဝန်ထမ်း ထောင်ဝန်ထမ်းတယောက်က တနင်္ဂနွေနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သမ္မတ ယိုဗေနဲလ် မွိုက်စ်ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ ပါဝင်တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ကျနေတဲ့ ကိုလံဘီယာစစ်သား အငြိမ်းစား အတော်များများလည်း ထောင်သားတွေထဲမှာ ရှိနေပါတယ်။
ထောင်ခြံဝင်းထဲမှာတော့ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးခဲ့တဲ့ ထောင်သား ၃ ယောက်ရဲ့ အလောင်းတွေကို တနင်္ဂနွေမနက်က တွေ့ရပါတယ်။
အမေရိကနိုင်ငံတွေထဲမှာ အဆင်းရဲဆုံး ဟေတီအစိုးရကတော့ အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။
Source/Photo-Reuters