ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်၊ နာကွိကျေးရွာမှာ ကုန်တင် ၆ ဘီးကားပေါ်ကနေ တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၅၈ ဦး ၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၅ ဦး စုစုပေါင်း ၉၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၃ ရက် မနက် ၉ နာရီလောက်က ထိုင်းရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးရာမှာ မိုးကာတွေ အုပ်ထားတဲ့ ၆ ဘီးကားပေါ်ကနေ တရားမဝင် မြန်မာအလုပ်သမားတွေကို ဖမ်းမိသွားတာလို့ အဲဒီရပ်ကွက်အတွင်းနေထိုင်တွေထံက သိရပါတယ်။
အလုပ်သမားတွေ ဖမ်းမိတဲ့နေရာအနီး နေထိုင်တဲ့ ကိုချစ်က “ရဲစခန်းထဲမှာ သူတို့ပြောတာက ဟိုဘက်ကမ်းကနေ ကူးလာတာကို ၆ ဘီးကားက သွားကြိုလာတာ။ ထောင်းဖာဖူးဂိတ်ကို ဖြတ်ပြီးသွားပြီးမှ ရဲက မသင်္ကာလို့ လိုက်ဖမ်းတာ။ အဲဒီကျမှ မြန်မာတွေ တင်လာတဲ့ကား ဖြစ်နေတာ”လို့ ပြောပါတယ်။
တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာသူတွေဟာ မြန်မာပြည် ဘယ်မြို့နယ်မှာ နေထိုင်သူတွေလဲဆိုတာ မသိရသေးဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ လူလတ်ပိုင်းအများစု ဖြစ်တယ်လို့ သိရပါတယ်။
တရားမဝင် ဝင်ရောက်လာသူတွေကို ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖူးရဲစခန်းမှာ ထိန်းသိမ်းထားပြီး ယာဉ်မောင်းဖြစ်သူ ထိုင်းအမျိုးသားက ထွက်ပြေး လွတ်မြောက်သွားပါတယ်။
စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ချိန်ကစပြီး မြန်မာလူငယ်လူရွယ်တွေ တော်လှန်ရေးတပ်ဖွဲ့တွေထံ သွားရောက်ပူးပေါင်းကြတာရှိသလို ပြည်ပနိုင်ငံတွေကို တရားဝင်ရော တရားမဝင်လမ်းကြောင်းကနေပါ နည်းမျိုးစုံနဲ့ ထွက်ခွာနေကြသူတွေလည်း ရှိပါတယ်။
Photo - KC News