Home
မြန်မာသတင်း
တရားရုံးလျှို့ဝှက်စာများ ပြင်ပ မပေါက်ကြားရန် စစ်ကောင်စီဥပဒေရေးရာဝန်ကြီး သတိပေး
DVB
·
March 4, 2024
Lawyers Meeting_04032024

တရားရုံးဌာနတွေမှာအစိုးရ လျှို့ဝှက်စာတွေ ပြင်ပမပေါက်ကြားအောင် သတိထားလုပ်ကိုင်ကြဖို့  စစ်ကောင်စီခန့် ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးက မတ်လ ၂ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ သတိပေးပြောခဲ့တယ်လို့ တရားရေးဝန်ထမ်းတွေဆီက သိရပါတယ်။

နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမမှာ မတ်လ ၂ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဌာနအတွင်း  အထက်အောက်ရင်းနှီးချစ်ခင်စွာနေထိုင်ပြီး အစိုးရလျှို့ဝှက်စာတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ဆောင်ရာတွင် လုံခြုံရေးအရ သတိထားပြီး လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ တရားရေးဝန်ထမ်းတဦးက ပြောပါတယ်။

“တရားရေးက အရာရှိတွေအနေနဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ အခက်အခဲကိုသိအောင်လုပ်ဖို့ စိတ်ဝမ်းမကွဲဖို့ တရားရုံးက စာရွက်စာတမ်းတွေကို အပြင်လူတွေကိုမပေးဖို့ ပြောတာ။”

ဥပဒေရေးရာဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းနဲ့ပြည်နယ်က ဥပဒေချုပ်၊ ညွန်ကြားရေးမှူးချုပ်၊ ဒုညွန်ချုပ်၊ ညွန်ကြားရေးမှူးနဲ့ ခရိုင်ဥပဒေအရာရှိတွေ တက်ရောက်ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို လေလံပစ်ဖို့  ကမာရွတ်ခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့ အမိန့်စာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် တရားရုံးတွေမှာ တင်းကျပ်တွေမှု ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“ခြံအမှတ် ၅၄ လေလံတင်တဲ့ စာရွက်ကိစ္စကြောင့် တရားရေးဘက်မှာ အတော်လေး ဂယက်ရိုက်သွားတယ်။ တရားရုံးစာရွက် အပြင်ကို ရောက်တဲ့ကိစ္စကြောင့် လူသိသွားတယ်။ တရားရေးဘက်မှာ ဖရဲသီးတွေရှိနေလို့ အခုလိုဖြစ်တာဆိုပြီး သတိထားဖို့ပြောတာ။”

ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီလ ၂၅ ရက်က ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ  ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလီယံ) နဲ့ လေလံတင်ရောင်းချဖို့ အမိန့်ချမှတ်ခဲ့တဲ့ စာရွက် သတင်းမီဒီယာတွေပါ ဖော်ပြခံရပြီးနောက် တရားရုံးတွေမှာ စည်ကမ်းတင်းကျပ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013