Home
မြန်မာသတင်း
မင်းတပ်မြို့နယ် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ၊ ထီးလင်းတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ရွာသား ၁ ဦး သေဆုံး
DVB
·
March 3, 2024
Min Dat air Stike_03032024

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁ ရက်နေ့ ည ၇ နာရီအချိန်မှာ ဗုံး ၂ လုံး၊ မတ် ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဗုံး ၄ လုံး ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

နှစ်ကြိမ်စလုံး မင်းတပ်မြို့နယ် တိုက်နယ် ၁၃ အတွင်းက လွေးသာရွာနဲ့ အောက်ချိုင်ရွာကြားကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ပျက်စီးခဲ့ပေမဲ့ မင်းတပ်မြို့နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

“တိုက်နယ် ၁၃ လွေးသာရွာနဲ့ အောက်ချိုင်ရွာကြား တနေရာကိုကြဲတာ၊ နေအိမ်တွေတော့ ထိခိုက်ပျက်စီးတာတွေရှိတယ်၊ ရွာထဲလည်းကျတယ်လို့ပြောတယ်။ အဲဒီဘက်က ဖုန်းလိုင်း မရှိဘူးလေ၊ ရွာထဲကျပြီး မကွဲတဲ့အလုံးတွေလည်း ရှိသေးတယ်” လို့ မင်းတပ်မြို့ခံတဦးက ပြောပါတယ်။

ကျေးရွာတွေထဲမှာ ကျရောက်ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေရှိနေတဲ့အတွက် အနီးဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့နယ် ကျောမြို့ ကျော ကပစ ၂၃ မှ ထီးလင်း ရေမျက်နီစခန်းဘက်ကို စစ်ကား ၂ စီးနဲ့ အင်အား ၈၀ ပါ စစ်ကောင်စီတပ် ရိက္ခာလာပို့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်သားတွေက လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် စင်းဇယ်ကျေးရွာသား အသက် ၃၀ အရွယ် ကိုချိုတူး သေဆုံးခဲ့ပြီး အသုဘကိုတော့ ညနေပိုင်းမှာပဲ ပြုလုပ်ခဲ့ကြောင်း၊ အခြားအမျိုးသား ၁ ဦးကတော့ ဦးခေါင်းနဲ့ လက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ် ပကဖတာဝန်ရှိသူက “စစ်ကြောင်းက ရေမျက်နီစခန်းကိုတော့ မရောက်လိုက်ဘူး၊ မိုင်းထိပြီးတော့မှ ပြန်ဆုတ်သွားတာ၊ ကျောကို ပြန်တက်သွားတယ်။ ရိက္ခာကတော့ ပြည်သူပိုင်ကုန်ကား ၂ စီးကို ချောဆွဲပြီးမှ ပို့လိုက်တယ်၊ စင်းဇယ်ကကျတော့ ရွာမှာ ရှင်ပြုအလှူရှိတာ ပစ်သံတွေကြားတော့ ရွာမှာ လူတွေအများကြီး ပိတ်မိသွားတာ၊ စစ်သားတွေက ရမ်းသန်းပစ်တော့ ထိမိသွားတာ” လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013