မီရှီဂန်၊ မစ်ဇူရီနဲ့ အိုင်ဒါဟိုပြည်နယ်တွေမှာ မတ် ၂ ရက်နေ့က လူထုစုဝေးမဲပေးပွဲ (Caucus) ပုံစံကျင်းပတဲ့ ရီပတ်ဘလီကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲတွေမှာ ထရမ့်ကပဲ အလွယ်တကူ အနိုင်ရခဲ့ပါတယ်။
မီရှီဂန်ပြည်နယ်မှာ ပါတီတွင်းအကွဲအပြဲတွေနဲ့ ပြဿနာတက်နေပေမဲ့ ထရမ့်က လုံးဝ အပြတ်အသတ်နိုင်ခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာဆိုရင် ထရမ့်က မဲ ၁,၅၇၅ မဲ ရတဲ့အချိန် ဟေလီက ၃၆ မဲ ပဲရတဲ့အထိ မဲပြတ်ခဲ့ပါတယ်။
ဟေလီအနေနဲ့ ရလဒ်ကို လုံးဝပြောင်းပြန်လှန်ဖို့ဆိုတာ ပြည်နယ်အများအပြားမှာ ပြိုင်ဖို့ ကျန်သေးတာကြောင့် သင်္ချာနည်းအရ ဖြစ်နိုင်သေးတယ်ဆိုပေမဲ့ လက်တွေ့မှာ မလွယ်တော့သလောက် ဖြစ်သွားပါပြီ။
လာမယ့် မတ် ၅ ရက်နေ့ကျရင် ပြည်နယ် ၁၅ ပြည်နယ်နဲ့ နယ်မြေတခုမှာ အကြိုရွေးကောက်ပွဲ တပြိုင်တည်း ကျင်းပမှာဖြစ်ပြီး အဲဒီအချိန်အထိ ဆက်ပြိုင်မယ်လို့ တဦးတည်းကျန်တဲ့ ပြိုင်ဘက် ဟေလီက ပြောထားတာရှိပါတယ်။
ထရမ့်ဟာ ရှေ့ပိုင်းမှာလည်း အိုင်အိုဝါ၊ နယူးဟမ့်ပ်ရှိုင်းယား၊ နီဗားဒါး၊ အမေရိကန်ဗာဂျင်းကျွန်းစု၊ တောင်ကယ်ရိုလိုင်းနားတို့မှာပါ ဆက်တိုက်နိုင်ထားတာဖြစ်ပါတယ်။
Source/Photo-REUTERS/Jay Paul