Home
မြန်မာသတင်း
ဖေဖော်ဝါရီ တလတာအတွင်း စစ်တပ်က ပြည်သူ ၁၂၀ ကို သတ်ဖြတ်၊ အမျိုးသမီး ၃၀ ကျော် ပါဝင်
DVB
·
February 29, 2024
AAPP_29022024

ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ ၁ လတာအတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း ပြည်သူအယောက် ၁၂၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၃၂ ယောက် ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အယောက် ၁၂၀ ထဲမှာတော့ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၉ ယောက်နဲ့ အသက် ၆၀ နှစ်အထက် သေဆုံးသူ ၁၁ ယောက် ပါဝင်နေပြီးတော့ စစ်ကိုင်းတိုင်းမှာ ၅၂ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်ကာ သေဆုံးရတဲ့ အကြောင်းရင်းအနေနဲ့ ဖမ်းဆီး ထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ ၅၉ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၁၉ ယောက်နဲ့ အမျိုးသား ၃၉ ယောက် စုစုပေါင်း ၅၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ ၁၄ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မ တွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁၆ ယောက်၊ စုစုပေါင်း ၁၉ ယောက် ရှိပြီး အဲဒီထဲမှာ ထောင် ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ၆ ယောက်နဲ့ သေဒဏ်ချမှတ်ခံရသူ ၂ ယောက် ပါဝင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း စစ်တပ် အ ကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ ၄,၆၁၁ ယောက်ထိ ရှိလာခဲ့ပြီလို့ အေအေပီပီက ပြောပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၅၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၀၄၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013