နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်မှာ မတ်လ ၁ ရက်ကစပြီး 12 MW ဝန်လျှောသုံးရမှာဖြစ်တဲ့အတွက် အလှည့်ကျ ဓာတ်အားပေးသွားမှာဖြစ်တယ်လို့ ပျဉ်းမနားမြို့နယ် လျှပ်စစ်ရုံးက ဖေဖော်ဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
မီးလာတဲ့အချိန်မှာ အရေးကြီးတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကိုပဲ အသုံးပြုဖို့နဲ့ ရှိသမျှ လျှပ်စစ်ပစ္စည်းတွေ တချိန်တည်း ပြိုင်သုံးရင် သုံးစွဲအားနဲ့ ဝန်အား မနိုင်တဲ့အတွက် ခွဲရုံနဲ့ ရပ်ကွက်အတွင်းရှိ ထရန်စဖော်မာတွေ overload ဖြစ်ပြီး လောင်ကျွမ်းနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
ပျဉ်းမနားမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေနဲ့ ပုဗ္ဗသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်အစပ်က ရပ်ကွက်၊ ကျေးရွာတွေကို မတ်လ ၁၅ ရက်အထိ တနေ့ သုံးကြိမ် မီးအလှည့်ကျပေးသွားမှာဖြစ်ပြီး ဝန်အားရရှိမှု အပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပျဉ်းမနားနဲ့ ပုဗ္ဗသီရိမြို့နယ်နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေကို အခုလို အလှည့်ကျစနစ်နဲ့ မီးပေးသွားမှာဖြစ်ပြီး ကျန်နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့အတွင်းက ရပ်ကွက်၊ ကျေးရွာတွေကိုလည်း အလှည့်ကျစနစ်နဲ့ မီးပေးမလားဆိုတာတော့ သီးခြားထုတ်ပြန်ချက် မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ နွေရာသီမှာလည်း စစ်ကောင်စီရဲ့ ထိပ်ပိုင်းလူကြီးတွေနဲ့ ဌာနဆိုင်ရာလူကြီးတွေ နေထိုင်တဲ့ ရပ်ကွက်တွေကလွဲပြီး ကျန်တဲ့ ရပ်ကွက်၊ ကျေးရွာတော်တော်များများကို အလှည့်ကျမီးပေး၊ မီးဖြတ် ပြုလုပ်ခဲ့ပါတယ်။