Home
မြန်မာသတင်း
နောင်ထောင်ရွာတွင် PNA က စစ်အသုံးစရိတ်အတွက် တအိမ်ငွေကျပ် ၈ သိန်းခွဲကောက်ခံ
DVB
·
February 29, 2024
sisie 2922024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ နောင်ထောင်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်က စစ်အသုံးစရိတ်အတွက် တအိမ်ကို ငွေ ၈ သိန်းခွဲကောက်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး PNA တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွဲ့စည်းပုံအရ ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် စာနဲ့ပေးပို့အကြောင်းကြားပြီး ငွေကောက်ခံခိုင်းတာလို့ ဆိုပါတယ်။

“အရင်တပတ်က နောင်ထောဝ်နားကရွာတွေမှာ ကောက်တယ်၊ ကျမတို့ရွာလည်း အခုထည့် ရတယ်။ ရွာသူကြီးက အစည်းအဝေးခေါ်ပြီး ငွေထည့်ပေးဖို့ပြောတယ် တအိမ်ကို ၈ သိန်းခွဲတဲ့။ နောင်ထောင်က အိမ်ခြေများတော့ ၈ သိန်းခွဲကောက်တာ၊ တခြားအိမ်ခြေနည်းတဲ့ရွာဆို တအိမ် ၁၀ သိန်း ကျတယ်၊ မထည့်လို့လည်းမရဘူး၊ မထည့်ရင် ဘာလုပ်မှာလဲ မသိဘူး စိုးရိမ်ရတာပေါ့။ သူများထည့်ပြီး ကိုယ့်မထည့်ရင် လုံခြုံရေးစိုးရိမ်ရတယ်” လို့ နောင်ထောင်ကျေးရွာနေ အမျိုးသမီး တဦးက ပြောပါတယ်။

နောင်ထောင်ကျေးရွာမှာ ငွေကောက်တဲ့အတွက် ငွေမတတ်နိုင်တဲ့ ပြည်သူတချို့ဟာ နီးကပ်တဲ့ မောက်မယ်မြို့နယ်ထဲက ဗန်းမက်၊ နာဟီးနဲ့ တခြားကျေးရွာတွေမှာ ရွှေ့ပြောင်းနေထိုင်တာတွေ ရှိလာတယ်လို့ သိရပါတယ်။

နောင်ထောင်ကျေးရွာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA တပ်မတော်နဲ့ နီးစပ်တဲ့ ကျေးရွာတခုဖြစ်ပြီး ကျေးရွာထဲမှာ အိမ်ခြေ ၆၀၀ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၃ ကြိမ် ဗုံးလာကြဲတိုက်ခိုက်တဲ့ အတွက် စစ်ရှောင် အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024