PDF တွေ ကယ်ထုတ်ထားတဲ့ ကလေးတက္ကသိုလ်ဆရာနဲ့ ကျောင်းသားတွေကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး ပြည်သူအားလုံးက ဒေသကိုစောင့်ကြည့်ပေးဖို့ ကလေးမြို့လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာရှိတဲ့ ကလေးတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဖေဖော် ဝါရီ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲကြားထဲရောက်နေတဲ့ ကလေးတက္ကသိုလ်ဆရာနဲ့ကျောင်းသား ၁၄၀ ကျော်ကို ဒေသကာကွယ်ရေးတပ်တွေက ကယ်ထုတ်ခဲ့ပြီး ပြည်သူတွေရဲ့အကူအညီနဲ့ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့ ကလေးမြို့လူထုတိုက်ပွဲသပိတ် ဦးဆောင်ကော်မတီက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ကလေးတက္ကသိုလ်ဆရာနဲ့ကျောင်းသား ၂၈၀ ကျော်ကို ကယ်ထုတ်ခဲ့ပြီး မိသားစုတွေဆီပြန်ပို့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ PDF တွေက ပညာရေးအဆောက်အဦကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာမျက်နှာစာမှာ ပုံရိပ်ပြနိုင်ဖို့ စစ်ကောင်စီက သတင်းကို ဦးအောင်ထုတ်ပြန်ခဲ့တာပါ။
လက်တွေ့မှာတော့ လက်နက်ကိုင်တော်လှန်ရေးစကတည်းက စစ်ကောင်စီက ကလေးတက္ကသိုလ်ထဲမှာတပ်စွဲပြီး ကျောင်းထဲကနေ ကျေးရွာတွေဘက်ကို နှစ်နဲ့ချီပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။
ကလေးမြို့လူထုတိုက်ပွဲသပိတ် ဦးဆောင်ကော်မတီမှ ကိုဗိုက်ပူက "ကလေးတက္ကသိုလ်ကိစ္စမှာတော့ စစ်ကောင်စီဘက်ကနေပြီးတော့ တခါတည်း ချက်ချင်းထုတ်ပြန်တယ်။ ဒီဘက်ကို ရှောင်လာတဲ့ တက္ကသိုလ်က ၁၄၀ ကျော်ကို နိုင်ငံရေးအကြောင်းပြပြီးတော့ သူတို့က အခုလေကြောင်းကရော၊ မြေပြင်အနေအထားမှာရော သာလွန်အင်အားတွေနဲ့ စစ်ကြောင်းတွေထိုးလာတဲ့ အနေအထားပေါ့နော်။ ကလေးတက္ကသိုလ်ကိစ္စမှာ စစ်ကောင်စီဘက်ကနေ အမျိုးမျိုးသောပုံရိပ်တွေ၊ နိုင်ငံရေးအကြောင်းပြချက် အမျိုးမျိုးပြပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာနိုင်တယ်ပေါ့နော်။ ဘာမဆိုလုပ်လာနိုင်တဲ့အခြေအနေကြောင့် ကျနော်တို့ ကလေးဒေသပြင်ပမှာရှိတဲ့ မီဒီယာအသီးသီး ပြည်သူတရပ်လုံးအနေနဲ့ ကလေးဒေသကို စောင့်ကြည့်ပေးကြပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကလေးမြို့၊ ကလေးဒေသ၊ ကလေးလွင်ပြင်အခင်းအကျင်းပေါ်ကို အထူးအာရုံစိုက်ပေးဖို့အတွက် ပြောချင်ပါတယ်ဗျ" လို့ ပြောပါတယ်။
ကလေးမြို့နယ်မှာ အချိန် ၂ ပတ်နီးပါး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသတွင်းမှာ အချိန်နဲ့တပြေးညီ သတင်းစီးဆင်းမှုမရှိတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ဦးတည်ရာမဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ စစ်ရေးသတင်းအချက်အလက်ပေါက်ကြားမှာစိုးရိမ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က သတင်းထုတ်ပြန်ရာမှာ နှောင့်နှေးမှုတွေရှိနေတာဖြစ်ပြီး ဒီအခြေအနေဟာ တဖက်မှာတော့ ဆိုးကျိုးတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
ကိုဗိုက်ပူက "အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပေမယ့် မြေပြင်မှာလည်း information gap အခြေအနေမျိုးမှာ တချို့ကိစ္စတွေမှာကြတော့ လုံခြုံရေးကျိုးပေါက်တာတွေ၊ တချို့ကိစ္စတွေမှာကြတော့ မလိုလားအပ်တဲ့ပြဿနာတွေ၊ တချို့ကိစ္စတွေမှာ ဒေသခံပြည်သူလူထုလက်မခံနိုင်တဲ့ ခွင့်လွှတ်လို့မရတဲ့ပြဿနာတွေပေါ်ပေါက်လာမှာဆိုတော့ NUG ရဲ့ ယန္တရားအချင်းချင်းကြားထဲက ပွင့်လင်းမြင်သာမှုအပေါ်မူတည်မယ်လို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ" လို့ ပြောပါတယ်။
သုတချမ်းသာ