မန္တလေးမြို့ လက်လွှတ်ဆုံးရမှာကို စိုးရိမ်တာကြောင့် မြို့ရဲ့ အနီးဆုံးဒေသတွေမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတယ်လို့ မတ္တရာ PDF ခေါင်းဆောင်က ပြောပါတယ်။
စစ်ကောင်စီတပ်က ပြင်ဦးလွင်-မန္တလေးလမ်း ၁၆ မိုင်ဂိတ်၊ မန္တလေးမြို့ အရှေ့ဘက် သိပ္ပံလမ်း၊ ဘိုးဘိုးကြီးနတ်နန်းအဝိုင်း၊ မန္တလေးမြို့တောင်ဘက် ရန်ကုန်ဘက်အထွက် ၇၈ လမ်းဂိတ်၊ မန္တလေး မြို့တောင်ဘက် စစ်ကိုင်းဘက်အထွက် မြို့ပတ်လမ်းဂိတ်တွေမှာ စစ်ဆေးရေးတွေ တင်းကျပ်နေပြီး စစ်ကောင်စီတပ်သားတွေက ငွေကြေးတောင်းခံတာတွေလည်း ပြုလုပ်နေတယ်လို့ မတ္တရာ PDF ခေါင်းဆောင်တယောက် ဦးတိုးက ပြောပါတယ်။
"မန္တလေးမြို့ လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို သူတို့က အဖြစ်မခံနိုင်ဘူး။ အဲဒီအတွက် ကာတဲ့အနေနဲ့ မန္တလေးမြို့ရဲ့ အနီးဆုံးဖြစ်တဲ့ စစ်တက္ကသိုလ်နဲ့ အနီးဆုံးဖြစ်တဲ့ မတ္တရာလို ဒေသမျိုးကို သူတို့က ကာကင်းထုတ်ပြီးတော့ အင်အားတိုးမြင့်ချထားရှိတယ်။ မန္တလေးမြို့ရဲ့ မြောက်ဘက်၊ အနောက်ဘက်၊ အရှေ့ဘက် အဲဒီနေရာတွေမှာ အင်အားတိုးမြင့်ချထားတာတွေ ရှိတယ်။”
ဒါ့အပြင် မန္တလေးမြို့ကို ကာကွယ်နိုင်ဖို့အတွက် စဉ့်ကူးမြို့နယ်အပါအဝင် အနီးတဝိုက်ဒေသတွေမှာ ပျူစောထီးတွေကို စစ်သင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။
မတ္တရာ PDF ခေါင်းဆောင်တယောက် ဦးတိုးက “မတ္တရာမြို့နယ်ထဲမှာဆိုရင် စဉ့်ကူးမြို့နယ် ယက်ကန်းစင်တောင်ရဲ့ မြောက်နားမှာရှိတဲ့ ကျောက်ငနွားမှာ ပျူသင်တန်းပေးတာ သုံးကြိမ်ရှိသွားပြီ။ မန္တလေးတောင်ရဲ့ အရှေ့ဘက် ၉၅ နဲ့ ၉၁၀ ကြားထဲမှာ ပပန ဆိုတဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ်ဆိုတာရှိတယ်။ အဲ့ဒီဂိုထောင် အဲဒီမှာလည်းပဲ မန္တလေးမြို့အနီးက၀ိုက် ကျေးရွာတွေကနေပြီးတော့ ဖမ်းယူရရှိတဲ့လူတွေကို စုဆောင်းပြီးတော့ ပျူသင်တန်းပေးခဲ့တာ လေးကြိမ်ရှိသွားပြီ။ အဲ့ဒီအင်အားတွေကို မန္တလေးမြို့ကို ကာဖို့အတွက် ပတ်ပတ်လည်မှာ စစ် (-) တွေနဲ့ ရောထွေးပြီးတော့ သူတို့ကနေရာ ချထားလေ့ရှိတယ်။ မန္တလေးမြို့ကိုကာဖို့အတွက် မတ္တရာလိုဒေသမျိုးကို အ၀ေးကာကင်းပေါ့၊ ပြီးရင် ပုသိမ်ကြီးလိုဒေသမျိုးမှာ ဒုတိယကာကင်းပေါ့" လို့ ပြောပါတယ်။
ဇန်နဝါရီ ဒုတိယအပတ်မှာ စစ်တက္ကသိုလ်အများစုတည်ရှိရာ ပြင်ဦးလွင်မြို့အနီးအထိ PDF တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက အဆင့်ဆင့်အင်အားတိုး မြှင်ချထားတာတွေ ပြုလုပ်နေတာပါ။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့ ၄ မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူခဲ့ပြီးနောက် စစ်ကိုင်း-ကချင်နယ်စပ်မြို့နယ်တွေနဲ့ စစ်ကိုင်း-ချင်းနယ်စပ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သိန်းနဲ့ချီတဲ့ပြည်သူ တွေဟာ စစ်ဘေးသင့်နေကြတာဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့နဲ့ အရှေ့မြောက်ပိုင်းကကျေးရွာတွေကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လှည့်လည်ပစ်ခတ်မီးရှို့တာကြောင့် ဘုန်းတော်ကြီးတွေ အပါအဝင် ဒေသခံ ပြည်သူတချို့ သေဆုံးခဲ့ပါတယ်။
သုတချမ်းသာ