ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ဘေးက ဆင်ဘိုမြို့မှာရှိတဲ့ ခလရ ၁၄၁ ကို ဖေဖော်ဝါရီ ၁၀ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်သလို မြို့အဝင်အထွက် ကန့်သတ်ထား သေးတာကြောင့် ရေရှည်မှာ စားသောက်ကုန်တွေ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဆင်ဘိုမြို့ခံတဦးက ပြောပါတယ်။
“အခု တိုက်ပွဲက မပြီးသေးဘူးဆိုတော့ ရေလမ်းကော၊ ကုန်းလမ်းကော ပိတ်ထားသေးတယ်။ ပြည်သူတွေက တိုက်ပွဲတခါဖြစ်ရင် တခါရှောင်၊ ငြိမ်ရင် ပြန်လာ အဲဒီလိုနေကြတယ်။ လောလောဆယ် စုစောင်းထားတဲ့ဟာတွေ စားသောက်နေရတယ်။ ပစ္စည်း အဝင်အထွက်လည်း မရှိဘူး။ ဆီတို့ ဆန်တို့ ဆားတွေကအစ လိုအပ်ချက်တွေ ရှိလာနိုင်တယ်။ ရှိတဲ့ဆိုင်တွေလည်း ပစ္စည်းကုန်လာပြီ။ ပစ္စည်းဝင်တာတော့ မရှိဆိုတော့ နောက်တပတ်နှစ်ပတ် ကြာရင်တော့ စားသောက်ကုန်တွေ ပြတ်လာနိုင်တယ်။”
ဆင်ဘိုမြို့ပတ်ဝန်းကျင်မှာ ဖေဖော်ဝါရီ ၂၄ ရက်က တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီ ၂၆ ရက်အထိ တပ်စခန်းပတ်ဝန်းကျင်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက် တိုက်ပွဲငြိမ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“တိုက်ပွဲက ၁၀ ရက်က စဖြစ်တယ်။ နောက်ပိုင်း ခဏငြိမ်သွားတယ်။ အဲဒီနောက် စစ်တပ်က လက်နက်ကြီးတွေ နေ့တိုင်းပစ်နေတယ်။ ၂၄ ရက်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီနောက် လက်နက်ကြီးပစ်တာ သိပ်မရှိတော့ဘူး။ အခုထိတော့ သိမ်းလိုက်နိုင်တယ်လို့တော့ မကြားသေးဘူး။ အခုက စစ်တပ်(စကစ)ကို ဝိုင်းထားတဲ့အခြေအနေ။”
ဖေဖော်ဝါရီ ၂၄ ရက်ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က ၁၀ ယောက်လောက် ထိခိုက်သေဆုံးမှု ရှိတယ်လို့ မြေပြင်က ကချင်လွတ်မြောက်ရေးတပ်သားတွေနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
ဆင်ဘိုမြို့နားက စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဘိုမြို့က ဒေသခံတချို့ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေထိုင်နေကြတယ်လို့ သိရပါတယ်။