နိုင်ငံတကာမှာတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ တရားဝင်အစိုးရတိုင်းဟာ နိုင်ငံကို သာယာအေးချမ်းအောင်၊ တိုးတက်ချမ်းသာလာအောင် ပြည်သူအများစု အကျိုးစီးပွားကို ရည်မျှော်ပြီး လွှတ်တော်နဲ့ ပါလီမန်မှာ အကျေအလည်ဆွေးနွေးပြီး လိုအပ်ရင် ပြည်သူ့ဆန္ဒသဘောထားကို ခံယူပြီးမှ ဥပဒေ၊ နည်းဥပဒေတွေကို ပြဋ္ဌာန်းကြရပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်နက်အားကိုးနဲ့ ပြည်သူအလိုမတူဘဲ အာဏာလုထားတဲ့ စစ်ဓားပြဂိုဏ်းဟာ သူတို့မတရားယူထားတဲ့ အာဏာနဲ့ စည်းစိမ်ကို ကာကွယ်ဖို့ ပြည်သူနဲ့ လူငယ်လူရွယ်တွေရဲ့ ဘဝနဲ့ အသက်ကို ချနင်း စတေးနိုင်အောင် မတရားဥပဒေတွေကို သူတို့သဘောနဲ့သူတို့ တရားမဝင် ရေးဆွဲပြဋ္ဌာန်းကြပါတယ်။
အခုနောက်ဆုံး အခြေအနေမှာ စစ်မျက်နှာအားလုံးမှာ စစ်ရှုံးရင်း စစ်အင်အား အကြီးအကျယ် ပြုန်းတီးလာနေတဲ့ သေလုလု ကျားနာတကောင်ပမာ စစ်ဓားပြဂိုဏ်းဟာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ EROs တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တွေနဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေရဲ့တရိပ်ရိပ် ကြီးထွားလာနေတဲ့ ထိုးစစ်တွေကို ရင်ဆိုင်ရုန်းကန်နိုင်ဖို့အတွက် ရေနစ်သူ ကောက်ရိုးတမျှင် ဆွဲသလို တရားမဝင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အရှက်မဲ့စွာ ထုတ်ပြန်ကြေညာပြီး ပြန်လည်အသက်သွင်းခဲ့ပါတယ်။
စစ်အာဏာရှင်တအုပ်ဟာ သူတို့အပေါ် ဆန့်ကျင်နေကြတဲ့ လူငယ်လူရွယ် အပါအဝင် ပြည်သူအများစုကို တမင်ရည်ရွယ်ပြီး အသက်ဘဝ မလုံခြုံမှုအတွက် ကြိမ်မီးအုံးသလို ပူပန်ရအောင် စိတ်ဒုက္ခပေးဖို့၊ သူတို့ရဲ့ ပြုန်းတီးစစ်အင်အား ၆၀,၀၀၀ ဝန်းကျင်ကို ပြန်လည်ဖြည့်တင်းဖို့၊ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းကြား စိတ်ဓာတ်တက်ကြွလာစေဖို့၊ စစ်ထဲမဝင်လိုသူ ပြည်သူတွေအပေါ် စစ်ဗိုလ် စစ်သား ရဲသားနဲ့ ထွေအုပ်တွေ ပြည်သူအပေါ် ငွေညှစ်ပြီး ခွင်ဖန်နိုင်ဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ဝင်ရောက်လိုသူတွေကို ထောင်ခြောက်ဆင် ဖမ်းနိုင်ဖို့၊ တော်လှန်ရေးအင်အားစု အဆက်အသွယ် ကွန်ရက်တွေကို စုံစမ်းဖမ်းဆီးနိုင်ဖို့ စတဲ့ရည်ရွယ်ချက်ဆိုးတွေနဲ့ စစ်မှုထမ်းဥပဒေဆိုတဲ့ နှစ်ဖက်ချွန်ဓားသွားဟာ ပြည်သူကိုဒုက္ခပေးရင် သူတို့ရင်ဝကို ပြန်ထိုးဖောက်စူးနစ်မယ်ဆိုတာ မသိဘဲ (သို့) သိရက်နဲ့ မိုက်မဲစွာ ကျူးလွန်လာခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တော့ စစ်အာဏာရှင်စနစ်ကို လက်မခံဘူးဆိုတာ ၂၀၂၀ ရွေးကောက်ပွဲမှာ အရွယ်ရောက်ပြီးသား လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးလေးတွေဟာ တရားဝင်မဲဆန္ဒနဲ့ ပြသထားပြီးသား ဖြစ်သလို အခုချိန်မှာ ပြည်သူနဲ့ စစ်ခင်းပြီး မကြာခင် ပျက်သုဉ်းရမယ့် စစ်ဓားပြဂိုဏ်းထဲကို အနည်းဆုံး ၂ နှစ်ကနေ လိုအပ်ရင် ၅ နှစ်အထိ အမှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်ဆိုတာ အာဏာရှင်စနစ် နာလန်ပြန်ထနိုင်ဖို့ လူငယ်လူရွယ်တွေကို လူသားဒိုင်းအကာအဖြစ် သုံးနိုင်သလို ရှေ့တန်းစစ်မြေပြင်မှာ မိုင်းအနင်းခိုင်းပြီး အသေခံခိုင်းဖို့လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင် အနာဂတ်ခေါင်းဆောင် ဖြစ်လာမယ့် လူငယ်တွေကို သေဒဏ်အပြစ်ပေးလိုက်တဲ့ မကောင်းဆိုးဝါး ဥပဒေပါပဲ။
ကျားစွယ်နု စစ်မှုထမ်းဥပဒေရဲ့လာရာ
တကယ်တော့ ကမ္ဘာ့နိုင်ငံအချို့မှာ ပြည်ပအန္တရာယ်နဲ့ ကြုံလာခဲ့ရင် အဆင်သင့်ဖြစ် ရင်ဆိုင်နိုင်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားတတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ကျော် ကာလတွေမှာ တရုတ်ဖြူ ကူမင်တန်တပ်တွေ ကျူးကျော်လာတဲ့ အရေးအတွက် ၁၉၅၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ပါလီမန်ဒီမိုကရေစီအစိုးရရဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမောင် ပြဋ္ဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင် လူယုတ်မာ နေဝင်းဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်ရတဲ့ ပြည်တွင်းစစ်အတွက် သူ့အာဏာကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ၁၉၆၂ ဇူလိုင်လ ၉ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
အခုတခါလည်း ၂၀၁၀ ခုနှစ်တုန်းက စစ်အာဏာရှင်လက်သစ် လူယုတ်မာ သန်းရွှေနဲ့ ဗိုလ်ယုတ်ကြီးတွေဟာ စစ်အာဏာရှင်စနစ် ဆက်ရှင်သန်နိုင်အောင် ရည်ရွယ်ပြီး ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို သမ္မတရူး စစ်ရှုံး မင်းအောင်လှိုင်က လူငယ်လူရွယ်တွေ အပါအဝင် ပြည်သူတွေကို တရားမဝင်ဘဲ စစ်တပ်ထဲမှာ အသုံးပြုဖို့၊ ပေါ်တာဆွဲပြီး ကျည်ဆန်အိတ် ထမ်းခိုင်းစေနိုင်ဖို့၊ မိုင်းနင်းခိုင်းဖို့ ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
ကျားစွယ်နု စစ်မှုထမ်းဥပဒေရဲ့လားရာ
အာဏာရှင်စစ်မှုထမ်းဥပဒေရဲ့ အခန်း ၅ ပုဒ်မ ၂၁ မှာ စစ်စည်းရုံးခြင်း ဆိုတာဟာ ပြည်သူတွေကို အချိန်မရွေး ဖမ်းခေါ်နိုင်၊ ဘာမှမပြောဘဲ ရှေ့တန်းတပ်ဖွဲ့တွေရှိတဲ့ နေရာကို ချက်ချင်းစေလွှတ်နိုင်တဲ့သဘော ရှိပါတယ်။ နောက်ထပ် နည်းဥပဒေ၊ ညွှန်ကြားချက်တွေ ထုတ်စရာမလိုဘဲ သူတို့အတွက် လိုအပ်ရင် ဂျပန်ခေတ်တုန်းက ချွေးတပ်ဆွဲသလို ချက်ချင်း ပေါ်တာဆွဲနိုင်မယ့် မကောင်းဆိုးဝါးဥပဒေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ထုတ် စစ်ဓားပြဂိုဏ်းရဲ့ သတင်းစာထဲမှာ “ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်နိုင်တဲ့ အင်အား ၁၃ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းလောက် ရှိနေပါတယ်။ အမျိုးသား ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်းဖြစ်တဲ့ ၆၀,၀၀၀ နီးပါးလောက်ကိုပဲ ခေါ်ယူမယ်လို့ ဆိုထားပါတယ်။ ဒီအတွက် ပထမအသုတ်အနေနဲ့ သင်္ကြန်အပြီး ဧပြီလအတွင်းကစပြီး အပတ်စဉ် ၁ လူငယ်တပ်သားသစ် ၅,၀၀၀ ကို စတင် ချွေးတပ်ဆွဲမှာမို့ နိုင်ငံအနှံ့မှာ တပ်သားသစ်ထားနိုင်ဖို့ အဆောင်တွေဆောက် ဝတ်စုံတွေ ချုပ်နေပြီ ဖြစ်ပါတယ်။
လူငယ်လူရွယ်များအတွက် အကြံပြုချက်
မကောင်းဆိုးဝါး စစ်မှုထမ်းဥပဒေကို မိဘပြည်သူလူထုကြီးနဲ့တကွ လူငယ်လူရွယ်တွေဟာ ကြိုတင်စဉ်းစား ပြင်ဆင်ထားနိုင်ဖို့ အကြံအချို့ ပြုချင်ပါတယ်။ မိမိနေထိုင်ရာ အရပ်ဒေသအလျောက် တယောက်နဲ့တယောက် ကြုံလာနိုင်တဲ့ အခြေအနေခြင်း မတူညီနိုင်ပေမဲ့ ယေဘုယျအားဖြင့် ပြင်ဆင်ထားသင့်တယ်လို့ ယူဆတာတွေ ရေးပြမှာဖြစ်ပေမဲ့ မိမိအခြေအနေနဲ့ သင့်တော်တာတွေကို လူငယ်တွေ စဉ်းစားဆုံးဖြတ် ရွေးချယ်ရမှာ ဖြစ်ပါတယ်။
နယ်စပ်နဲ့ လွတ်မြောက်နယ်မြေနားနီးတဲ့ လူငယ်တွေကတော့ မိမိနဲ့နီးစပ်ရာက ဖိတ်ခေါ်ထားကြတဲ့ စစ်မှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသကာကွယ်ရေးတပ် (LDF) တပ်ဖွဲ့တွေဆီ ဆက်သွယ် သွားရောက်ပူးပေါင်းနိုင်ပါတယ်။ သွားတဲ့အခါမှာတော့ စစ်ဘေးရှောင်သဘောမျိုး မဟုတ်ဘဲ နွေဦးတော်လှန်ရေးအတွက် မိမိနိုင်ရာ၊ အားသန်ရာ၊ ကျွမ်းကျင်ရာ အလုပ်တွေမှာ ဝိုင်းကူလုပ်ကြရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်အလုပ် အားသန်ရင် ဝင်ရောက်အမှုထမ်းနိုင်သလို ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုတွေ၊ ရပ်ရွာဒေသ အုပ်ချုပ်ရေး အထောက်အကူ လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ကြခြင်းနဲ့ နိုင်ငံ့တာဝန်ထမ်းနိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်မြန်မာနိုင်ငံရဲ့ နယ်မြေတွေထဲက စစ်ဓားပြဂိုဏ်း စိုးမိုးဗိုလ်ကျနိုင်ဆဲ ဒေသတွေမှာ ရှိနေကြတဲ့ လူငယ် လူရွယ်တွေနဲ့ ပြည်သူလူထု အတွက်ကတော့ ပိုသတိထားပြီး အသိဉာဏ်နဲ့ယှဉ်ပြီး ကြိုတင်စဉ်းစား ပြင်ဆင်ထားကြဖို့ လိုပါတယ်။ မိမိအသက်နဲ့ မိမိအနာဂတ် ဘဝကို ကာကွယ်ဖို့အတွက် ပြင်ဆင်ရုန်းကန် လှုပ်ရှားရမယ့်အချိန် ရောက်လာပါပြီ။
၁၊ ရုပ်ပိုင်း စိတ်ပိုင်း ကြံ့ခိုင်အောင် ပြင်ဆင်ထားပါ။
၂၊ ဘာလုပ်သင့်တယ်ဆိုတာ လူကြီးမိဘနဲ့ တိုင်ပင်ထားပါ။
၃၊ အသွားအလာ ဆင်ခြင် ဂရုစိုက်ပြီး သတင်းမပြတ် နားစွင့်ထားပါ။
၄၊ မိမိဖုန်းကို အစစ်ဆေးခံနိုင်အောင် ရှင်းလင်းထားပါ။
၅၊ မိမိနေရပ်ကနေ အနီးဆုံး လွတ်မြောက်နယ်မြေတွေဆီကို ထွက်ခွာနိုင်မယ့် လမ်းကြောင်းတွေ ရှာဖွေမှတ်သားထားပါ။
၆၊ လမ်းမှာသုံးဖို့ ငွေကြေး၊ အဝတ်အစား၊ အစားအစာနဲ့ ဆေးဝါးအနည်းငယ် ပြင်ဆင်ထားပါ။
၇၊ တကယ်လို့ မမျှော်လင့်ဘဲ စစ်မှုထမ်းဖို့ ခေါ်ငင်တာခံရရင် ချက်ချင်း မလွတ်မြောက်သေးတောင် အခြေအနေပေးတာနဲ့ လွတ်မြောက်နိုင်မယ့် အခွင့်အလမ်းကို ခေါင်းအေးအေးထား စဉ်းစားဆုံးဖြတ်ကြဖို့ အကြံပြုပါတယ်။
လူငယ်လူရွယ်တို့ရဲ့ မိဘဆွေမျိုးတွေနဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အကြံပြုချက်
စစ်ဓားပြအမှုထမ်းဥပဒေ အကောင်အထည်ဖော်ခြင်းနဲ့အတူ ဖြစ်လာတဲ့ နောက်ဆက်တွဲ ဂယက်တွေကြောင့်
- နေ့စဉ်လည်ပာတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှာပါ။
- ဒုစရိုက်မှုအများအပြား ကြုံတွေ့လာရနိုင်ပါတယ်။
- လူတဦးချင်းစီရဲ့ နေ့စဉ်သွားလာနေထိုင်ရာမှာ လုံခြုံမှုလည်း အားနည်းလာပါမယ်။
စတဲ့.. စတဲ့ ဒုက္ခများစွာကို ဆင်းရဲချမ်းသာမရွေး လူတန်းစားအားလုံး ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်အောင်လည်း အာဏာရူး မအလနဲ့ အပေါင်းပါ စစ်ရာဇဝတ်ကောင် တသိုက်က ရည်ရွယ်နေပုံရပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနဲ့ အဘက်ဘက်မှာ ကျရှုံးနေရတဲ့ စစ်ဓားပြဂိုဏ်းအတွက် ပြည်သူကိုချနင်းပြီး တိုင်းပြည်အရေး ရှုပ်ထွေးအောင်လုပ်ပြီး ထွက်ပေါက်ရှိလိုရှိငြား ကြံဆောင်လာပုံရပါတယ်။
စစ်အာဏာရှင်စနစ်ကို မဖြိုခွင်းနိုင်သ၍ ဤဒုက္ခအပေါင်းမှ ရှောင်ကွင်းနိုင်စရာ လမ်းမမြင်ပါ။
နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ လတ်တလော လွတ်လမ်းရှာခြင်းနဲ့အတူ ရေရှည်အတွက် လုပ်သင့်တာတွေကိုလည်း မေ့ထားလို့မရပါဘူး။
ဘာလုပ်နိုင်သလဲ?
နွေဦးတော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က လူအင်အား၊ ငွေအင်အား၊ လုပ်အား၊ အတတ်ပညာအား၊ အတွေ့အကြုံအား မျိုးစုံနဲ့ ဝင်ရောက်ကူညီနိုင်ကြပါတယ်။ လက်တွေ့ကျကျ ပြောရရင် ခက်ခဲစွာ ရုန်းကန်နေရတဲ့ ဘဏ္ဍာရေးကဏ္ဍမှာ တတ်နိုင်သူတွေက တတ်နိုင်သမျှ နည်းလမ်းစုံနဲ့ ရှာဖြည့်ဆည်းပေးခြင်းဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတခု ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဧည့်စာရင်းစစ်ပြီး ခိုးကြောင်ခိုးဝှက် တပ်သားသစ် စုဆောင်းနေရာက နေ့ခင်းကြောင်တောင် တပ်သားသစ်စုဆောင်းနိုင်ဖို့ တရားမဝင် ပြဋ္ဌာန်းလာတဲ့ စစ်မှုထမ်းဥပဒေဆိုတာ ပြည်သူနဲ့ လူငယ်လူရွယ်တွေကို ခဲမယ့် သေလုမျောပါး ကျားနာတကောင်ရဲ့ အသစ်ထွက်လာစ အစွယ်နုတချောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးထွက်သက်မှာ ပြည်သူလူထုကို ရသလောက်ကိုက်ခဲဖို့ ဒုက္ခပေးဖို့ ထွက်လာတဲ့ စစ်ရှုံး ဓားပြတပ်ရဲ့ တရားမဝင် စစ်ဓားပြအမှုထမ်းဥပဒေဆိုတဲ့ အစွယ်နုကို နိုင်ငံသားတိုင်းက စုပါင်းဆန့်ကျင်ပြီး ဝိုင်းရိုက်ချိုးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်မှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ညှိနှိုင်းပြီး တနိုင်ငံလုံးက တချိန်တည်း တပြိုင်နက် ကျားနာကို အမိုက်ဇာတ်သိမ်းပေးကြမယ့်အချိန် မရောက်ခင်ကာလလေးမှာ လူငယ်လူရွယ်တွေ အားလုံး စိတ်ပိုင်း ရုပ်ပိုင်း အားမွေးပြင်ဆင်ထားပြီး မိမိတို့အသက်နဲ့ အနာဂတ်ဘဝကို ကာကွယ်ဖို့ သမိုင်းခေတ်တာဝန်ကို မိမိကျရာကဏ္ဍကနေ အစွမ်းကုန် ပါဝင်ထမ်းရွက်ကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း။
မင်းကောင်းချစ်