အစ္စရေးနဲ့ လက်ဘနွန် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်တာတွေ ဆက်ဖြစ်နေလို့ ဖေဖော်ဝါရီ ၂၈ ရက်က နယ်စပ်တကြောမှာ မီးခိုးတွေနဲ့ လေယာဉ်တွေကို တွေ့နေရပါတယ်။
အစ္စရေး ကာကွယ်ရေးတပ်က တိုက်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းက ရမ်ယာဒေသထဲမှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ လက်နက်သိုလှောင်စခန်းနဲ့ စစ်ဘက် အဆောက်အဦတွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ လက်နက်ထုတ်လုပ်ရေးနေရာကိုလည်း ပစ်မှတ်ထားပြီး ညဘက်မှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ အောက်တိုဘာ ၈ ရက်ကတည်းက ခုထိ လက်ဘနွန်တောင်ပိုင်း နယ်စပ်တကြောမှာ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို နေ့တိုင်းနီးပါး ပစ်ခတ်နေတာပါ။
အစ္စရေးမြောက်ပိုင်းက လူနေအိမ်အမိုးကို လက်ဘနွန်ဘက်ကနေ ပစ်လိုက်တဲ့ ဒုံးကျည်တစင်း ထိမှန်အပြီး နာရီပိုင်းအတွင်း လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောထားတဲ့ ရုပ်သံကိုလည်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဂါဇာကမ်းမြောင်က ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေး တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်အပြီး လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကို ကြည်း၊ ရေ၊ လေ ပေါင်းစုံ ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။
လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေက ဂါဇာက ဟားမတ်စ်တွေနဲ့ သွေးစည်းကြောင်း ပြတဲ့အနေနဲ့ အစ္စရေးနဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters