Home
မြန်မာသတင်း
ဘူးတောင်းကန်ရွာကို စစ်တပ်ကမီးရှို့၊ ကလေးမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံသောင်းချီ ထွက်‌ပြေးနေရ
DVB
·
February 28, 2024
Monywa_28022024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဘူးတောင်းကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲလောက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ပြီး ရွာအတွင်းကနေ မထွက်သေးတာကြောင့် မီးငြိမ်းသတ်ဖို့ရာ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

“တရွာလုံးကုန်မဲ့ သဘောရှိတယ်ဗျ။ အခုညနေ ၅ နာရီအထိ ရွာထဲက မထွက်သေးတော့ မီးငြိမ်းလို့လည်းမရဘူး။ အဝေးကနေပဲ မီးခိုးကြည့်ပြီး ငိုနေကြရတာပါ။ တိုက်ပွဲကမဖြစ်ဘူးနော်၊ သူတို့က မနက်ခင်းကစပြီး ကျောက်စစ်ပုံ လက်နက်ကြီးတပ်ကနေ စထွက်လာတယ်။ အဲလိုထွက်လာပြီး ကျနော်တို့ရွာကိုမှရွေးပြီး မီးရှို့တာပါ။ အရင်ကတော့ ကိုယ့်တောင်သူလုပ်ငန်း ရိုးရိုးသားသားလုပ်ကိုင်နေတာ။ အခုတော့ ရွာကိုမီးရှို့တော့ လုံဝမကျေနပ်ဘူး။ PDF ထဲဝင်ပြီး စစ်(-) ရသလောက်ကို လက်စားပြန်ချေဖို့ရာ လုပ်တော့မယ်” လို့ ရွာသားတဦးက ပြောပါတယ်။

အခု ဖေဖော်ဝါရီလအတွင်း မုံရွာမြောက်ခြမ်းက ကြိုးကြာကန်ရွာ၊ ကြီးဗဒုံရွာ၊ ဘူးတောင်းကန် ရွာတွေကို စစ်ကောင်စီတပ်က မီးရှို့တာတွေ ပြုလုပ်နေပြီး မီးလောင်ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုလို့ မရှိနိုင်သေးပါဘူး။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် စစ်ကြောင်း ဦးတည်ဖြတ်သန်းသွားလာတဲ့ ဒေသခံကျေးရွာ ၈ ရွာက ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မုံရွာမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊‌ ကျောက်စစ်ပုံ အမြောက်တပ် စတဲ့စခန်းတွေကို တိုက်ခိုက်ပစ်ခတ်ခံရမှာ စိုးရိမ်ပြီး အင်အားအလုံးအရင်း စစ်ကြောင်း ၃ ကြောင်းနဲ့ ပတ်ကင်းလှည့်လည်ကာ ကျေးရွာတွေကို မီးရှို့နေတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာလည်း စစ်ကောင်စီက‌ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ မနက်က စတင်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်‌နေတာကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ထိုမာရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဒီမနက်ပိုင်းမှာ ကလေးမြို့တွင်း စစ်ဌာနချုပ်‌တွေကနေ မြို့နယ်တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ်ကတဆင့် ထိုမာကျေးရွာဘက်ကို စတင်ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ထိုမာရွာ၊ သာယာကုန်းရွာနဲ့ ထောက်ကြံ့ရွာက ဒေသခံ ၁ သောင်းခွဲကျော်ဟာ နီးစပ်ရာတောတောင်တွေနဲ့ တခြားကျေးရွာဘက်တွေကို ထွက်ပြေးနေကြရတာပါ။

ထိုမာရွာခံတဦးက "ကျမတို့တော့ ရွာထဲကို မနက်စစ်ကြောင်းဝင်ကတည်းက စပြေးကြတာ။ ရွာလမ်းအဟောင်းတိုင်း ရွာထဲကို စစ်ကြောင်းထိုးခဲ့တာ။ ရုတ်တရက်ကြီး စစ်ကြောင်းထိုးခဲ့တော့ တရွာလုံး ထပြေးကြတာ" လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီ ဝန်းကျင်းမှာလည်း ကလေးနည်းပညာတက္ကသိုလ်တောင်ဘက်မှာ စစ်ကောင်စီ နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ကလေးမြို့တော်လှန်‌ရေးအင်အားစုအဖွဲ့ဝင်တဦးက "GTC တောင်ဘက် GTC နဲ့ သာယာကုန်းကြား ထိတွေ့တိုက်ပွဲကို စစ်တပ်ဘက် လေကြောင်းနဲ့လာပစ်တာ။ အခုက Mi 35 နဲ့ လာပစ်လာတာ၊ တိုက်ပွဲကဆက်ရှိနေတုန်း” လို့ ပြောပါတယ်။

စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းကို စစ်ကြောင်းမထိုးတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာ ရုတ်တရက်ပြန်လည်စစ်ကြောင်းထိုးလာတာဟာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ကလေးနယ်တောင်ပိုင်းမှာ ခေါ်ယူထားတယ်အထင်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး ကလေးမြို့မှာတော့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သား ၁၀ ဦး ဝန်းကျင် သေဆုံးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024