မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အနေနဲ့ ဧည့်စာရင်း စနစ်တကျ ပို့ပေးစေဖို့နဲ့ ဧည့်စာရင်းဝင်စစ်ဖို့ မွန်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြုလုပ်တဲ့ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှာ ပြောသွားပါတယ်။
မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရရုံး အောင်ဆန်းခန်းမမှာ ဖေဖော်ဝါရီ ၂၇ ရက်က မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲနဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းအစည်းအဝေးပွဲကို ပူးတွဲကျင်းပခဲ့ပါတယ်။
အစည်းအဝေးအတွင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဟိုတည်နဲ့ တည်းခိုခန်းတွေက ဧည့်စာရင်းတွေကို အချိန်နဲ့တပြေးညီ စနစ်တကျ ပေးပို့ဆောင်ရွက်စေဖို့နဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဧည့်စာရင်းစစ်ဖို့ ပြောသွားတာပါ။
မော်လမြိုင်မြို့ရှိ တည်းခိုခန်းပိုင်ရှင်တဦးက “တခါတလေတော့ ဝင်စစ်တာရှိပါတယ်။ နေ့တိုင်းတော့ မဟုတ်ပါဘူး။ ဧည့်စာရင်းက ကျနော်တို့က ၈ နာရီပို့ပေးတော့ ၈ နာရီနောက်ပိုင်း လာတဲ့သူတွေဆို တိုင်ဖို့မလွယ်တော့ဘူး။ အဲ့လိုအချိန်တွေဆို ဧည့်စာရင်းစစ်တာနဲ့ကြုံရင် ကျနော်တို့က သူတို့ကို ပိုက်ဆံပေးရတယ်။ အခုဆို နောက်ကျမှ လာတည်းတဲ့သူတွေဆို ရာအိမ်မှူးကို ဖုန်းနဲ့အကြောင်းကြားထားလိုက်တယ်” လို့ ပြောပါတယ်။
ဒေသတွင်း လာရောက်တဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ခရီးသွားဒေသတွေမှာ သန့်ရှင်းသာယာလှပဖို့၊ ခရီးသွားနေရာအသစ်တွေ ရှာဖွေဖို့နဲ့ ခရီးသွားဧည့်သည်တွေ လုံခြုံစွာ တည်းခိုနေထိုင်ရေးအတွက် ဆောင်ရွက်ထားဖို့ မွန်ဝန်ကြီးချုပ်က ဆိုပါတယ်။