ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ စစ်ကောင်စီက လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေရဲ့ စာရင်းတွေကို လိုက်လံကောက်ယူနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “လိုင်စင်မဲ့ကားတွေရော ဆိုင်ကယ်တွေရော အိမ်မှာ စာရင်းလာကောက်တယ်။ လိုက်ကောက်တဲ့သူတွေ ပြောတာက လမ်းမှာ စစ်တဲ့အခါ ဖမ်းမိလို့ရှိရင် စာရင်းပေးထားတဲ့ ကား၊ ဆိုင်ကယ်တွေ ပြန်လွှတ်ပေးမယ် ပြောတာပဲ။ လိုင်စင်ကားတော့ စာရင်းပေးစရာ မလိုဘူး” လို့ ပြောပါတယ်။
စာရင်းပေးရင် နာမည်၊ ဖခင်နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်အမျိုးအစားနဲ့ အရောင်၊ မော်ဒယ်၊ တပ်ဆင်ထားတဲ့ ယာဉ်နံပါတ်တွေ ဖြည့်ရတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံတဦးက “အခုစာရင်းကောက်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ကတ်လုပ်ပေးမယ်လို့လည်း ကြားတယ်။ လုံခြုံရေးအရနေမှာပေါ့။ အပြင်ကလူ ဝင်လို့မရအောင်။ စစ်တပ်ကကောက်တာ ဟုတ်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လားရှိုးအဝင်အထွက်တွေလည်း ပုံမှန် ဝင်ထွက်သွားလာလို့ရသလို အခြေအနေ ငြိမ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးကတော့ “တောအဖွဲ့တွေ ဗုံးလာခွဲလို့ နေမှာပေါ့” လို့ ပြောပါတယ်။ လမ်းတွေမှာ ရှောင်တခင်စစ်လို့ နာမည်စာရင်းပေးထားတဲ့ ကား၊ ဆိုင်ကယ် မဟုတ်ရင် ဖမ်းမယ်လို့ သိရကြောင်း ဆိုပါတယ်။