မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ ထောင်ကျနေသူအများစုဟာ ကိုယ့်စရိတ်နဲ့ကိုယ် ကျခံနေရတဲ့အပြင် ထောင်ရဲ့ ဝေယျာဝစ္စတွေကိုပါ တာဝန်ယူထားရတယ်လို့ ထောင်မှ လွတ်လာသူတွေက ပြောပါတယ်။
သာယာ၀တီထောင်မှာတော့ ထောင်နံရံတွေ ဆေးသုတ်ဖို့၊ အကျဥ်းသားတွေထားတဲ့ အခန်းတွေကို ခတ်မယ့် သော့တွေကို အကျဥ်းသားတွေက ဝယ်ပေးရပြီး မီးချောင်း၊ ပန်ကာနဲ့ TV တွေကအစ အကျဥ်းသားတယောက်ချင်းစီရဲ့ ထည့်၀င်ငွေတွေနဲ့ ပြုလုပ်ကြရတယ်လို့ ၂၀၂၄ ခုနှစ်အတွင်း ထောင်မှ ပြန်လွတ်လာသူတဦးက ပြောပါတယ်။
ဒါ့အပြင် ထောင်ပိုင်၊ ထောင်မှူးတွေ ထောင်ထဲမှာ ရေချိုးဖို့ ရေချိုးခန်းနဲ့အိမ်သာတွေကိုလည်း အကျဥ်းသားတွေရဲ့ ငွေတွေနဲ့ တည်ဆောက်ပေးရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အဆောင်တဆောင်ကို သော့ ၃ လုံး ခတ်ထားပြီး တလ တကြိမ်လောက်က သော့တွေ ပျက်တာကြောင့် အကျဥ်းသားတွေက ငွေဝိုင်းစုပြီး ဝယ်ပေးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။
သာယာဝတီထောင်မှာ ၂၀၂၃ ခု ဇူလိုင်လကလည်း ၄-၅ အဆောင်မှူး ၂ ပွင့် ၀န်ထမ်းက သူ့မိန်းမ ကလေးမွေးဖို့အတွက် အခန်းတခန်းကို ကျပ် တသိန်းစီ စုထည့်ခိုင်းပြီး မထည့်တဲ့သူတွေကို အငြိုးအတေးထားတာ၊ ရိုးရိုးအကျဥ်းသားတွေနဲ့ ရန်တိုက်ပေးပြီး ဒေါက်ထည့် တိုက်ပိတ်တာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ လွတ်လာသူတဦးက ပြောပါတယ်။
သာယာဝတီထောင်ထဲမှာ တဆောင်ကနေ တဆောင် ပြောင်းရင် ကျပ် ၃ သိန်းအထိ ပေးရသလို တဆောင်တည်းမှာပဲ အခန်းပြောင်းရင် ကျပ် ၅၀၀၀၀ ထိ ပေးရတာတွေလည်းရှိပြီး အဲဒါတွေကို ထောင်ပိုင်နဲ့ သက်ဆိုင်ရာအဆောင်မှူးတွေက ရကြတယ်လို့ သာယာ၀တီထောင်မှ လွတ်လာသူတဦးက ပြောပါတယ်။
သာယာ၀တီထောင်ကို စံပြထောင်လို့ သတ်မှတ်ထားပြီး ထောင်ပိုင်နဲ့ ထောင်ပိုင်လေးတွေက စစ်တပ်က အသွင်ပြောင်း၀န်ထမ်းတွေ ဖြစ်ပါတယ်။
ဒါကြောင့် တခြားထောင်တွေမှာ နိုင်ငံရေးစိတ် မြင့်မားနေသူတွေ ထောင်အာဏာပိုင်ကို ဆန့်ကျင်တတ်တဲ့သူတွေကို သာယာ၀တီထောင်ကို ပို့ပြီး ထောင်အ၀င်တံခါးကြီးကနေ အဆောင်ထဲ ရောက်တဲ့အထိ ၀န်ထမ်းတွေက ၀ိုင်းဝန်းရိုက်နှက်ကြတယ်လို့ ဆိုပါတယ်။
အခုလို ကိစွတွေနဲ့ပတ်သက်ပြီး သာယာ၀တီထောင်ကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
မင်းညို