စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသဘက်ကို ဖေဖော်ဝါရီ ၂၈ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ပင်လျမ်ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပါတယ်။
မဲနယ်တောင်ဒေသ ရွာခံတဦးက “ဟုတ်ပါတယ်၊ ကျောင်းတခုလုံး မီးလောင်သွားတာပါ။ နှစ်ထပ်ကျောင်းတိုက်ကြီး လောင်သွားတာပါ။ ရွာသားတွေတော့ ထွက်ပြေးသွားပါတယ်။ တချို့လည်း အရင်ရက်က စငေါမှာ လက်နက်ကြီးကျတုန်းကတည်းက ထွက်ပြေးတာရှိတယ်။ ပင်လျမ်ကျောင်းက မဲနယ်တောင်တကြောမှာ ထင်ရှားကျော်ကြားတဲ့ကျောင်းပါ” လို့ ပြောပါတယ်။
ဒီနေ့မနက်မှာလည်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တဲ့အတွက် အရပ်သားတဦး သေဆုံးပြီး လူနေအိမ် ၄ လုံးနဲ့ စာသင်ကျောင်း ပျက်စီးခဲ့ပါတယ်။
“ကျောင်းထဲမှာ လူတွေ၊ ရဟန်းတွေတော့ မရှိဘူး။ လေယာဉ်နဲ့ဆိုတော့ မြင်ရတဲ့အရာက သေးတယ်လေ။ နည်းနည်းထင်ရှားတဲ့ကျောင်းကို ပစ်ချလိုက်တာထင်တယ်။ အဲ့ဒါကြောင့် ကျနော်တို့လည်း စုပြီး နေထိုင်တာတွေ သွားလာတာတွေ မလုပ်ဖို့ သတိထားရပါမယ်” လို့ အဲဒီရွာခံက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်က ဟိုပုံးမြို့နယ် ထမ်စမ်းဂူကနေ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာ စငေါကျေးရွာထဲကို ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သား ၂ ဦး သေဆုံးပြီး လူနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။