ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက နားခိုက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦး သေဆုံးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် မနက် ၉ နာရီခွဲက နားခိုက်ကျေးရွာကို လေယာဉ်နဲ့ ၈ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် နားခိုက်ကျေးရွာက အသက် ၆၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး လူနေအိမ် ၄ လုံးနဲ့ စာသင်ကျောင်းပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြေပြင်မှာရှိနေသူ အမျိုးသားတဦးက “ဖုန်းလိုင်းဖြတ်ထားတယ်၊ တယောက်သေသွားပါတယ်၊ အိမ်တွေလည်း အများကြီး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နားခိုက် အပါအဝင် အနီးက နားသံ၊ ပန်အွန်း စတဲ့ကျေးရွာနေ ပြည်သူလူထုတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကနေ ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ ကိုယ်စီတူးထားဖို့ PNLA က တိုက်တွန်းထားပါတယ်။