တောင်ကိုရီးယားနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်လာစေဖို့ ဆေးကျောင်းတက်ရောက်ခွင့်ရမယ့် ကျောင်းသားဦးရေကို တိုးမြှင့်ပေးမယ့် အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက ဖေဖော်ဝါရီ ၂၇ ရက်မှာ ကတိပြုခဲ့ပြီး ဒီပြုပြင်ပြောင်းလဲရေးကြောင့် ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေဟာလည်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘူးလို့ ပြောပါတယ်။
အဲဒီအစီအစဉ်ကြောင့် လူငယ်ဆရာဝန် ၉,၀၀၀ ကျော် သို့မဟုတ် တောင်ကိုရီးယားရှိ သမားတော် သင်တန်းသား စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံဟာ ပြီးခဲ့တဲ့သီတင်းပတ်က အလုပ်ကနေ နုတ်ထွက်သွားခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ ဆရာဝန်တွေ ရှားပါးနေတာ မဟုတ်ဘဲ အစိုးရဟာ လစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေကို အရင်ဖြေရှင်းပေးသင့်တယ်လို့ ပြောဆိုကြပါတယ်။
“ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတို့လို လူတွေကို အကာအကွယ် ပေးခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ထိခိုက်လွယ်သူတွေအတွက် အစိုးရရဲ့ လူမှုဖူလုံရေးဆိုင်ရာ အဓိကမူဝါဒနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ဒီ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဟာ ညှိနှိုင်းရမယ့် အပေးအယူ လုပ်ရမယ့်ကိစ္စ မဟုတ်ပါဘူး” လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးနဲ့ အသက်ကို ဓားစာခံထားပြီး လူသားတွေရဲ့ အသက်နဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အုံနဲ့ကျင်းနဲ့ ဝိုင်းလုပ်ဆောင်နေကြမှုက ဘယ်လိုအခြေအနေမျိုးမှာမဆို တရားမျှတဖို့ ခက်ခဲပါတယ်လို့လည်း သမ္မတ ယွန်းက ပြောသွားပါတယ်။
သမ္မတ ယွန်းဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း ထောက်ပံ့ရေးကွင်းဆက်တွေကို အနှောင့်အယှက်ဖြစ်ခဲ့ပြီး အဓိက စက်မှုလုပ်ငန်းတွေကို ပြိုလဲသွားစေမယ့် ခြိမ်းခြောက်မှုတွေ စတင်ခဲ့တဲ့ ထရပ်ကားသမားတွေရဲ့ ဆန္ဒပြ သပိတ်မှောက်မှုမှာ သူ လုပ်ဆောင်ခဲ့တဲ့အတိုင်း သဘောထားတင်းမာတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။
ဝန်ကြီးအများအပြားဟာ ဆန္ဒပြသူတွေကို သူတို့ရဲ့လိုင်စင်တွေကို ဆိုင်းငံ့တာ အပါအဝင် တရားဥပဒေအရ အရေးယူမယ် ဆိုတာတွေနဲ့ ခြိမ်းခြောက်ခဲ့ကြသလို တဖက်မှာလည်း အငြင်းပွားမှု အဆုံးသတ်ဖို့ ဆရာဝန်တွေကို ဖိတ်ခေါ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Source/Photo-Reuters