Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဆေးဖက်လည်းဝင် သပြုပင်
DVB
·
February 28, 2024
Article TharZan_28022024

တော်လှန်ရေး ခွေးမောင်းသံလည်း ဟီးထနေပြီ။ ဖက်ဆစ်စစ်ခွေး အာဏာရှင်တို့ရဲ့ မီးခိုးမဆုံး မိုးမဆုံး ရက်စက်ယုတ်မာမှုကလည်း တနေ့ထက် တနေ့တိုး ပိုပိုဆိုးနေဆဲ။

ရှင်ကွဲ သေကွဲ အနေခက် အသေခက်တဲ့ကြား တော်လှန်ခရီးခါးကို မကြောက်မရွံ့ နောက်မတွန့် ညီညွတ်ရုန်းကန် ရှင်သန်အားခဲ ပါဝင်ကြဆဲ တော်လှန်ရေးမိဘပြည်သူ တယောက်ချင်းစီတိုင်းကို ဦးညွှတ်ပါကြောင်း မှတ်တမ်းကမ္ပည်းတင်အပ်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆေးဖက်လည်းဝင် သပြုပင် အကြောင်းကို ရေးသား တင်ပြသွားမှာ ဖြစ်ပါတယ်။ သပြုသီးကို ရှေးပဝေသဏီကတည်းက မြန်မာလူမျိုးများ ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ကြတဲ့ အလေ့အထ ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် အစားအသောက်လည်းဖြစ်တဲ့ သပြုပင်ရဲ့ ဆေးဖက်ဝင် ကျန်းမာရေး အကျိုးကျေးဇူးများကို လက်လှမ်းမီ ဆေးပညာမှ မျှဝေဖော်ပြသွားမှာ ဖြစ်ပါတယ်။

သပြုပင်ကို သိပ္ပံလို Dillenia indica လို့ခေါ်ပြီး အင်္ဂလိပ်လို elephant apple, ou tenga စသဖြင့် ခေါ်ကြပါတယ်။

သပြုသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ် Flavonoids များ၊ Triterpenoids များ၊ ဖီနိုလစ်၊ ပိုတက်စီယမ်၊ အမိုင်နိုအက်ဆစ်၊ တန်နင်များ၊ Saponins၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင် ဘီကွန်ပလက်တို့ ပါဝင်ပြီး သပြုပင်မှာ triterpenoids၊ flavonoids၊ tannins၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

အခေါက်မှာ ပိုးသတ်ဆေးအာနိသင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်၊ ရောင်ရမ်းမှုကို သက်သာစေခြင်းနဲ့ ဆီးချိုရောဂါကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ သပြုသီး၊ သပြုခေါက်၊ သပြုရွက်နဲ့ သပြုမြစ်တို့ကို အဓိက သုံးစွဲကြပါတယ်။

သွေးတိုးရောဂါရှိသူများအတွက် အစားအစာများနဲ့အတူ  သပြုသီးအနည်းငယ် စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို လျော့ကျစေပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးကာ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး အစွမ်းထက်တဲ့ နှလုံးအားဆေးအဖြစ် ဆောင်ရွက်ပေးပါတယ်။

သပြုသီးမှာပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ flavonoids များက  အရေပြား ထိန်းသိမ်းရာမှာ ကော်လာဂျင် ပေါင်းစပ်မှုကို လွယ်ကူချောမွေ့စေတဲ့အတွက် လတ်ဆတ်တဲ့ သပြုသီးပြုတ်ရည် ၁ ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး အရေးအကြောင်းများ၊ လိုင်းများနဲ့ အခြားသော အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို လျော့ပါးစေကာ နုပျိုစေပါတယ်။

သပြုသီးမှာ ကယ်လိုရီများ၊ ဗီတာမင်ဘီများ၊ ပရိုတင်းများနဲ့ ကျန်းမာတဲ့အဆီများ ပါဝင်တဲ့အတွက် သပြုသီးယို၊ သပြုသီးဟင်းလျာများ စားသောက်ခြင်းဟာ ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေကာ ဦးနှောက်လုပ်ဆောင်ချက်များကို မြင့်မားစေတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုနဲ့ လိင်စွမ်းအားအတွက်လည်း သက်လုံကောင်းစေပါတယ်။

သပြုသီးမှာပါဝင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကြောင့် သပြုသီးမှည့် အနည်းငယ် သို့မဟုတ် သပြုသီးပြုတ်ရည်ကို မနက်စာနဲ့ တွဲဖက် စားသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်စင်ပေးခြင်း၊  အန္တရာယ်ရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် ကျောက်ကပ်လုပ်ဆောင်မှုကို ချောမွေ့စေပြီး ကျောက်ကပ်ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

သပြုသီးမှာပါဝင်တဲ့ စတီရောလ်၊ စပိုနင်နဲ့ တန်နင် များက ဦးနှောက်အတွင်း အာရုံကြော အချက်ပြခြင်းကို ထိန်းညှိပေးကာ ဗဟိုအာရုံကြောစနစ် လုပ်ဆောင်မှုကို ပုံမှန်ဖြစ်စေပြီး မှတ်ဉာဏ်ကို ကောင်းစွာတိုးတက်စေခြင်းနဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးကာ စိုးရိမ်သောကနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ထိရောက်စွာ ပြေလျော့စေပါတယ်။

သပြုသီးမှာ ဗီတာမင်အေ၊ ကာရိုတီးနှိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (lutein, zeaxanthin) တို့ ကြွယ်ဝခြင်းနဲ့ ရောင်ရမ်းမှု ဆန့်ကျင်ဒြပ်ပေါင်းများ အများအပြား ပါဝင်တာကြောင့် သူငယ်အိမ်၊ မျက်ကြည်လွှာ အပါအဝင် အမြင်အာရုံ တစ်ရှူးများကို ကျန်းမာဖွံ့ဖြိုးစေတဲ့ အပြင် အတွင်းတိမ်၊ ရေတိမ်နဲ့ အသက်ကြီးလာချိန်မှာ အသက်အရွယ်နဲ့ဆိုင်တဲ့ မျက်လုံးကျန်းမာရေး ယိုယွင်းခြင်းတို့ကို ကာကွယ်ပေးပြီး မျက်စိကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

သပြုခေါက်နဲ့ အသီးမှ အစေးမှာ တန်နင်ဓာတ် အများအပြား ပါဝင်တာကြောင့် အူလမ်းကြောင်းမှ အရည်များ ရွေ့လျားမှုကို နှေးကွေးစေကာ အစာခြေစနစ်အတွင်း ရေနဲ့ အီလက်ထရောနစ်ဓာတ်များ ပြန်လည်စုပ်ယူမှုကို အားပေးပြီး ဝမ်းပျက်ဝမ်းလျေှာခြင်းကို ဖြေရှင်းပေးပါတယ်။

သပြုသီးမှာ ပိုးသတ်ဆေး အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပမာဏများစွာ ပေါင်းစပ် ပါဝင်တာကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာစေတဲ့အပြင် နှာခေါင်း၊ လည်ချောင်း၊ အဆုတ်လမ်းကြောင်းများမှာ သလိပ်များ ပိတ်ဆို့ခြင်းကို ထိထိရောက်ရောက် ရှင်းလင်းဖယ်ရှားပေးနိုင်ပါတယ်။ သပြုသီးပြုတ်ရည်နွေးနွေး ၁ ခွက်ကို သကြားနည်းနည်းနဲ့ သောက်ပေးခြင်းဖြင့် လည်ချောင်းနာခြင်း၊ ရောင်ရမ်းခြင်းနဲ့ အာသီးရောင်ခြင်းတို့ကို သက်သာစေပါတယ်။

သပြုသီးဟာ ဗီတာမင်စီ (အက်စ်ကောဘစ်အက်ဆစ်) ကြွယ်ဝတဲ့ အရင်းအမြစ် ဖြစ်တာကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ အအေးမိခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်း စတဲ့ ရောဂါပိုးအမျိုးအစားအားလုံးကို ခုခံကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။ သပြုသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ရှိပြီးသား ရောင်ရမ်းမှုကို ဖယ်ရှားပေးပြီး နောက်ထပ် ရောင်ရမ်းမှုအသစ် မဖြစ်စေအောင် ကာကွယ်ပေးပါတယ်။

သပြုသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတွင်းအဆီဓာတ်များခြင်းကို လျေှာ့ချပေးနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ နှလုံးဖောက်ပြန်ခြင်းနဲ့ လေဖြတ်ခြင်း စတဲ့ ကျန်းမာရေးအခြေအနေဆိုးများ မဖြစ်အောင် သပြုသီး စားသောက်ပေးခြင်းဖြင့် ကြိုတင်ဟန့်တားနိုင်ပါတယ်။

သပြုသီးမှာပါဝင်တဲ့ ဖလေဗွန်နှိုက်ဟာ ဂလူးကို့စ်နဲ့ lipid profile ဇီဝဖြစ်ပျက်မှုကို တိုးတက်စေပြီး ခန္ဓာကိုယ်တွင်း ဟော်မုန်းနဲ့ အင်ဇိုင်းများကို ထိန်းညှိပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ် ပမာဏကို လျှော့ချပေးကာ ဆီးချိုရောဂါကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်များ သပြုသီး/သပြုခေါက် ပြုတ်ရည် တခါသောက် ၁-ဖန်ခွက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သပြုသီးမှာ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်တဲ့ သဘာဝဝမ်းနုတ်ဆေးအာနိသင် ပါတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ မြင့်မားတဲ့ တန်နင် tannin နဲ့ ဖီနောလစ် phenolic ဒြပ်ပေါင်းများ ပါဝင်တဲ့အတွက် အနာနဲ့ လိပ်ခေါင်းကို နှိမ်နင်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ညစဥ် သပြုသီးပြုတ်ရည် ၁ ဖန်ခွက် သောက်ပေးနိုင်ပါတယ်။

ဗောက်ထခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့အတွက် သပြုသီးကို ရေစိမ်ပြီး ထွက်လာတဲ့ အချွဲရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

ရင်ဘတ်အတွင်း ပူလောင်ခြင်းအတွက် အမြစ်သွေးရည် ကော်ဖီ ၂ ဇွန်းခန့်ကို သကြား အနည်းငယ်ထည့်ပြီး သောက်ပေးနိုင်ပါတယ်။

သပြုသီးဟာ ဗီတာမင်ဘီ အရင်းအမြစ်တခု ဖြစ်တဲ့အတွက် သပြုသီးကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကိုယ်တွင်းစွမ်းအင်ကို ပေးစွမ်းနိုင်ပြီး ဦးနှောက်နဲ့ အာရုံကြော ဆဲလ်များကို ကောင်းမွန်စေကာ ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေပါတယ်။

သပြုသီးကို ပုံမှန်စားသုံးခြင်းခြင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အရွယ်တင် နုပျိုစေပါတယ်။

သပြုသီးမှာ သံဓာတ်အများအပြား ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါရှိသူများ သပြုသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးနီဥအရေအတွက်ကို တိုးတက်စေပြီး သွေးကြောအတွင်း အညစ်အကြေးများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

သပြုပင် အခေါက်မှာ တန်နင် ပါဝင်တဲ့အတွက် ဝမ်းပျက် ဝမ်းလျေှာခြင်းနဲ့ ကာလဝမ်းရောဂါ ဖြစ်ခြင်း၊ ဗိုက်နာခြင်း စတဲ့ အစာလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် သပြုခေါက် သွေးရည် တခါသောက် ဟင်စားဇွန်း ၁ ဇွန်း ဖြစ်စေ၊ ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက် ဖြစ်စေ အခြေအနေပေါ်မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အဆစ်အမြစ်ရောင်ရမ်း နာကျင်ခြင်းများမှာ သပြုသီးပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်း၊ နနွင်း ကော်ဖီဇွန်းဝက်ဖြင့် တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရွက်ကို ထုထောင်းပြီး နာတဲ့နေရာမှာ အုံပြီး စည်းထားနိုင်ပါတယ်။

သပြုသီး စားသောက်ခြင်းဟာ အစာအိမ် အဆိပ်အတောက်တွေကို သက်သာစေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။

သပြုသီးကို အလွန်အကျွံ သုံးစွဲခြင်းဟာ အစာမကြေခြင်း၊ ဝမ်းလျှောခြင်း စတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ သပြုသီးနဲ့ ဓာတ်မတည့်သူများနဲ့ ကိုယ်ဝန်ဆောင် မိခင်များ သပြုပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ သပြုပင်ရဲ့ ဆေးဖက်ဆိုင်ရာ အကျိုးအာနိသင်ကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

တော်လှန်ခရီးကို ကျန်းကျန်းမာမာ ညီညီညွတ်ညွတ်ဖြင့် ဖြတ်သန်းကျော်လွှားနိုင်ပြီး ခရီးဆုံးပန်းတိုင်မှာ အတူဆုံကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024