ဟန်ဂေရီသမ္မတ ကက်တလင်းနိုဗက် မမျှော်လင့်ဘဲ ရာထူးကနုတ်ထွက်သွားပြီးနောက် ၂ ပတ်အကြာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ ဟန်ဂေရီပါလီမန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအကြီးအကဲ ဒေါက်တာ တာမက်စ် ဆူလ်ယော့ခ်ကို နိုင်ငံရဲ့ နောက်ထပ်သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
သမ္မတသစ် တာမက်စ် ဆူလ်ယော့ခ်က သူဟာ ဟန်ဂေရီနိုင်ငံအကျိုးအတွက် သမ္မတရာထူးကို ထမ်းဆောင်မှာဖြစ်ကြောင်းနဲ့ ဟန်ဂေရီနိုင်ငံရဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လိုက်နာသွားမှာဖြစ်ပြီး တခြားသူတွေကိုလည်း လိုက်နာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတသစ် ဆူလ်ယော့ခ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဟန်ဂေရီနိုင်ငံရဲ့ တရားရုံးချုပ် အကြီးအကဲ ဖြစ်လာခဲ့ပြီး ဖီဒက်စ် အာဏာရပါတီမှ ဥပဒေပြုအမတ်တွေရဲ့ ကျောထောက်နောက်ခံနဲ့ လုပ်ပိုင်ခွင့်တခု ရရှိထားတာ ဖြစ်ပါတယ်။
ဆူလ်ယော့ခ်ဟာ မတ်လ ၅ ရက်မှာ သမ္မတသစ် ရာထူးတာဝန်ကို ထမ်းဆောင်ဖို့ မျှော်မှန်းထားပါတယ်။
ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ သမ္မတဟောင်း နိုဗက်ဟာ ကလေးဂေဟာတခုမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုကို ဖုံးကွယ်ဖို့ ကူညီမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ယောက်ျားတယောက်ကို အပြစ်မှလွှတ်ပေးခြင်းအတွက် ဖိအားတွေ ကြုံလာခဲ့ပြီးနောက်မှာ ပွဲတက်သမ္မတ အဖြစ်ကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters