မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေဖြန့်ပြီး စစ်တပ်ထဲဝင်ဖို့ စည်းရုံးနေတယ်လို့ ပေါင်မြို့ခံတွေက ပြောပါတယ်။
ပေါင်မြို့နယ် မြို့မဈေးနဲ့ ကားလမ်းမတလျှောက် လူစည်ကားရာ နေရာတွေမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ထွေအုပ် ဝန်ထမ်းတွေ၊ လဝကဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လက်ကမ်းစာစောင်တွေ ဝေပြီး စစ်မှုထမ်းဖို့ စည်းရုံးခဲ့ကြပါတယ်။
ပေါင်မြို့ခံတဦးက “မနက်အစောကြီးထဲက ဈေးထဲကော လမ်းမတွေပေါ်မှာပါ ကမ်းပြီး စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး မစိုးရိမ်ဖို့ဆိုပြီး ပြောနေတာ။ ကမ်းတဲ့သူက တော်တော်များတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကော ပြည်ခိုင်ဖြိုးကသူတွေပါ ပါတယ်” လို့ ပြောပါတယ်။
ဝါဒဖြန့် လက်ကမ်းစာစောင်မှာ မဖြစ်မနေ စစ်မှုထမ်းရမယ့် အခြေအနေတွေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမယ့် အသက်အရွယ်၊ စစ်မှုထမ်းဖို့ ကာလ၊ စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရှိသူနဲ့ စစ်မှုထမ်းဥပဒေကြောင့် မစိုးရိမ်ဖို့ စတဲ့ အကြောင်းတွေ ရေးသားထားပါတယ်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြီး တပ်ထဲဝင်ကြဖို့ ဒေသခံ ပြည်သူတွေကို စည်းရုံးနေပေမဲ့ စစ်တပ်ထဲမဝင်ဘဲ PDFထဲသာ ဝင်မယ်လို့ ပေါင်မြို့ရှိ ဆိုင်ကယ်တက္ကဆီသမားတဦးက ပြောပါတယ်။
"ဒီလောက်ပြည်သူတွေကို သတ်ဖြတ်နေတဲ့စစ်တပ်ထဲကို ကျနော်တို့ကတသက်လုံးမဝင်ဘူး။ မဖြစ်မနေဝင်ဖို့ လာပြောရင်လည်း PDF ထဲသာဝင်လိုက်တော့မယ်။ စစ်တပ်ထောက်ခံတဲ့ကောင်တွေတောင် သူတို့စစ်တပ်ထဲတောင်မဝင်တာ" လို့ ပြောပါတယ်။
ပေါင်မြို့နယ်မှာ စစ်မှုမထမ်းမနေရစနစ် ထုတ်ပြန်ပြီးနောက်ပိုင်း လူငယ်အများစုဟာ စစ်မှုမထမ်းချင်တာကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သူ များပြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်ကလည်း မော်လမြိုင်မြို့၊ ချောင်းဆုံမြို့နဲ့ မုဒုံမြို့တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ ဝါဒဖြန့်စာစောင်တွေ ဖြန့်ပြီး စစ်တပ်ထဲဝင်ဖို့ စည်းရုံးခဲ့ပါတယ်။