ရခိုင်ပြည်နယ်ထဲ နေရပ်ပြန်မယ့် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က တပတ်ကျော်ကြာ ဖမ်းဆီးစစ်ဆေးပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ရခိုင်ဒေသထဲ ပြန်ခွင့်မပြုဘဲ ရန်ကုန်မှာသာ အလုပ်ဆက်လုပ်ခွင့် ပြုထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးစစ်ဆေးခံရတဲ့အထဲ ရခိုင်ပြည်နယ် မြေပုံမြို့ ယောချောင်း ရွာသာရွာထဲက ရွာသူရွာသားလူငယ် ၁၄ ဦး ပါဝင်ပြီး ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီလောက်မှာတော့ ၉ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုဝင်တဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
“ကလေးတွေက ၂၀ ရက်နေ့ည ရန်ကုန်-စစ်တွေကားပေါ့၊ လက်မှတ်ဖြတ်တာ၊ အောင်စစ်ခိုင် လိုင်းကား ၂ စီးရတယ်။ တခြားတစီး စုစုပေါင်း ၃ စီးနဲ့ ပြန်လာကြတာ။ မိသားစုဝင်တွေနဲ့ ည ၈ နာရီလောက်ထိ အဆက်အသွယ်ရနေသေးတယ် ပြန်လာပြီပေါ့။ ၉ နာရီခွဲလောက်မှာ ဖုန်းအဆက်အသွယ်လုပ်လို့ မရတော့ဘဲ ဦးစီးဦးဆောင်လုပ်ပေးနေတဲ့ ဆရာတော်တပါးကို ကျနော်တို့ ဆက်သွယ်တော့ စစ်တပ်က ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ မနေ့ကတော့ ကျနော်တို့ရွာက ၉ ယောက် ပြန်လွတ်လာတယ်။ ရွာကိုတော့ ပေးမပြန်ဘူး၊ ရန်ကုန်က သူတို့ အလုပ်ရုံတွေ စက်ရုံတွေ ပြန်လိုက်သွားတယ်လို့ သိတယ်။ မိန်းကလေး ၁ ဦးနဲ့ ယောက်ျားလေး ၄ ဦး ကျန်နေသေးတယ်ဗျ။ ကျန်တဲ့မိသားစုဝင်တွေက သူတို့ကလေးတွေကို ဘာလုပ်မလဲဆိုပြီး စိုးရိမ်ကြောင့်ကြနေကြပါတယ်။”
ပြန်လွတ်လာတဲ့လူငယ်တွေကို ငွေကြေးတောင်းခံတာမျိုးမရှိဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အပါအဝင် အကြောင်းအရာမဖော်လိုတဲ့ အချက် ၃ ချက်ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူရဲ့ မိသားစုဝင်တဦးကလည်း တူမဖြစ်သူ ပြန်လွတ်လာလို့ သွားရောက်ခေါ်ယူခဲ့ရတဲ့ အကြောင်းကို အတည်ပြု ပြောပါတယ်။
“ကလေးတချို့ ပြန်လွတ်လာတာ ဟုတ်ပါတယ်။ ရန်ကုန်မှာပဲ ခေါ်ထားတယ်။ တခြားဘယ်သူတွေ ဘယ်နှယောက် လွတ်လာလဲ ဆိုတာတော့ ကျနော်လည်း မသိပါဘူး။ သူတို့က ကျနော့်တူမလေးကို လာခေါ်ဆိုလို့ ကျနော်လည်း သွားပြန်ခေါ်လာတာပါ။ လွတ်တဲ့အထဲ အများစုကတော့ မိန်းကလေးတွေများတယ် ထင်ပါတယ်။”
လှိုင်သာယာမြို့နယ်ထဲက စစ်တပ်ဝင်းတခုထဲမှာ ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဆိုပါ မိသားစုဝင်ကတော့ အတည်ပြုမပေးခဲ့ပါဘူး။
ဖေဖော်ဝါရီ ၂၀ ရက် ညက အောင်မင်္ဂလာ အဝေးပြေးကားဝန်းကနေ ရခိုင်ကိုသွားမယ့် အဝေးပြေးကား ၃ စီးကို ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်က တားဆီးပြီး လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူ အများစုကတော့ အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း လူငယ်တွေဖြစ်ပြီး မြေပုံ၊ မင်းပြား၊ စစ်တွေ၊ တောင်ကုတ် အပါအဝင် ဧရာဝတီတိုင်းက လူငယ်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေက ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်သူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။