ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ သီတင်းပတ်ကုန်ရက်က ဝါရှင်တန်ရှိ အစ္စရေးသံရုံး အပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမေရိကန်လေတပ်က စစ်မှုထမ်းတဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။
မြို့တော်ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အရာရှိ လီလဲ့ဖဲက အမေရိကန်လေယာဉ်မှူး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။
စစ်တပ်က သူ့မိသားစုကို အကြောင်းကြားပြီးရင် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်မယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးကို ကိုးကားပြီး NBC သတင်းက ဆိုပါတယ်။
အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာနမှ အရာရှိတွေဟာ မီးတောက်တွေကို ငြှိမ်းသတ်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ အမေရိကန်လေယာဉ်မှူးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ဆေးရုံတင်ထားရကြောင်း ဝါရှင်တန်ဒီစီ မီးသတ်ဌာနနဲ့ အရေးပေါ်ကျန်းမာရေးဌာနတို့က ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ တဆက်တည်း ချွတ်စွပ်ဝတ်စုံနဲ့ အမျိုးသားဟာ အဲဒီအဖြစ်အပျက်ကို အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း New York Times က သီးခြားဖော်ပြခဲ့ပါတယ်။
သူဟာ လူမျိုးတုံးသတ်ဖြတ်မှုထဲမှာ ဝင်ပါနေတော့မှာမဟုတ်ဘူးလို့ ပြောကြားပြီးနောက်မှာ သူ့ကိုယ်သူ အရည်ကြည်ကြည်တွေနဲ့ လောင်းချပြီး မီးရှို့လိုက်ကာ “ပါလက်စတိုင်း လွတ်မြောက်ပါစေ” လို့ အော်ဟစ်ပြောဆိုခဲ့ကြောင်းလည်း သတင်းစာက ဆိုပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်ကတော့ ဝါရှင်တန်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ မိမိကိုယ်ကို မီးရှို့သတ်သေခဲ့တဲ့ လေယာဉ်မှူးတဦး သေဆုံးမှုဟာ ဝမ်းနည်းဖွယ်ဖြစ်ရပ်တခု ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်ဟာ အခြေအနေကို လိုက်ကြည့်နေကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters