ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖေဖေါ်ဝါရီ ၂၆ ညနေပိုင်းက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည့်သူ့စစ်တွေ စခန်းချတဲ့ တာမခံကျေးရွာက ခမရ (၁၁၉)ကို KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက " ညနေ ၅ နာရီလောက်က စပြီး တိုက်ပွဲဖြစ်တာ။ KIAနဲ့ အဖွဲ့တွေ လာတိုက်တာ။ လက်နက်ကြီးတွေနဲ့လည်း စစ်တပ်က ပစ်တယ်။ ရွာသား တချို့ကတော့ ဘေးလွတ်ရာ ရှောင်နေ ကြပြီ" လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ် လက်နက်ကြီးကြောင့် တာမခံကျေးရွာက နေအိမ် နှစ်လုံးထက် မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတချို့လည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။
အခုလိုပစ်ခတ်တာနဲ့ ပတ်သက်လို့ ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဖားကန့်မြို့ပေါ်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIAတို့ ကျောက်ဖျာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်ကလည်း နန့်တိန်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIAနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသေးတယ်။