ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ဖေဖော်ဝါရီ ဒုတိယအပတ်က စတင်ပြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးတွေ လုပ်နေပြီး စစ်မှုထမ်းဖို့ပါ စည်းရုံးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကြံ့ခိုင်ရေးပါတီစည်းရုံးရေးအတွက် အုပ်ချုပ်ရေးမှူးတွေက တအိမ် တယောက် မဖြစ်မနေ အစည်းအဝေးခေါ်ပြီး အစည်းအဝေးတက်ရောက်မယ့် သူတွေရဲ့ စာရင်းကိုအရင် ယူကာ အစည်းအဝေးရောက်မှ မဲဆွယ်စည်းရုံး နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မအူပင်မြို့ခံ တဦးက “အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးတက်ရမယ်ဆိုပြီး ခေါ်လို့သွားတာ။ အုပ်ချုပ် ရေးမှူးတွေဆီ ကတဆင့် တက်မယ့် လူ စာရင်းနဲ့ တက်ရတာပါ။ ဟိုရောက်မှ ကြံ့ခိုင်ရေးနဲ့ ပတ်သက်တာတွေ ပြောတယ်။ စကစ လုပ်မယ့် ရွေးကောက်ပွဲမှာ သူတို့ ပါတီကို မဲထည့်ဖို့ပြောတယ်။ ပြည်သူ့ တာဝန်ကျေဖို့ စစ်မှုထမ်း ကြဖို့လည်းပြောတယ်”လို့ ပြောပါတယ်။
ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းအတွင်း တခြားပါတီတွေက စည်းရုံးတာ မရှိသေးပေမဲ့ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးမှူးတွေရဲ့ အာဏာသုံးကာ စည်းရုံးလှုံ့ဆော်နေတာကြောင့် ဒေသခံတွေကြား ဝေဖန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း ငပုတောမြို့နယ်မှာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးတက်ဖို့ အမိန့်နဲ့ ဆင့်ခေါ်ပြီး ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးခဲ့သေးတယ်လို့ သိရပါတယ်။