ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေရဲ့ ပစ်မှတ် တဒါဇင်ကျော်ကို အမေရိကန်နဲ့ ဗြိတိန်စစ်တပ်တွေက တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက် နှောင်းပိုင်းမှာ လေယာဉ်တင် သင်္ဘောပေါ်ကနေ အမေရိကန် တိုက်လေယာဉ် အများအပြား ပျံတက်နေတာကို အမေရိကန်စစ်တပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။
F/A-18 စူပါအေားနက်စ် တိုက်လေယာဉ်တွေဟာ အမေရိကန် လေယာဉ်တင်သင်္ဘော USS ဒွိုက်ချ်ဒီ အိုက်စင်ဟောင်ဝါ ပေါ်ကနေ ပျံတက်ခဲ့တာလို့ CENTCOM က လူမှုကွန်ရက် X မှာ ဗီဒီယိုဖိုင်နဲ့အတူ သတင်းစကားကို ပူးတွဲဖော်ပြခဲ့ပါတယ်။
ဒါဟာ ဒေသတွင်း သင်္ဘောတွေကို ဆက်ပြီးတိုက်ခိုက်နေတဲ့ အီရန်နဲ့ ဆက်နွှယ်နေတဲ့အဖွဲ့ကို နောက်ဆုံးအကြိမ် စစ်ရေးအရ အရေးယူခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗြိတိန်တော်ဝင်လေတပ်က စနေနေ့က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှာ ဟူသီတွေကို တိုက်ခိုက်ဖို့ တိုင်ဖွန်း တိုက်လေယာဉ်တွေ ပျံတက်နေတာ တွေ့ရပါတယ်။
စစ်ရေးအရ အရေးယူတဲ့ နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်ထဲမှာ ရဟတ်ယာဉ် တစီး ရေဒါတွေ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ လက်နက်နဲ့ ဒုံးကျည်တွေ သိုလှောင်ရာ မြေအောက်စခန်းတွေ အပါအဝင် ယီမင်နိုင်ငံအတွင်း နေရာ ၈ ခုက ဟူသီ ပစ်မှတ် ၁၈ ခုကို စစ်ရေးအရ အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယီမင်ရဲ့ လူဦးရေ အများဆုံး အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေကို အမေရိကန်က နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာပါ။
ဟူသီတွေကတော့ သူတို့က သင်္ဘောတွေကို တိုက်ခိုက်တာဟာ အစ္စရေးက တိုက်ခိုက်နေတဲ့ ဂါဇာ ကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်း ပြတာလို့ ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန် စစ်တပ်တို့က ဟူသီတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို နှောင့်နှေးစေတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေကို မဟန့်တားနိုင်သေးပါဘူး။
Source/Photo-Reuters