Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန် စတင်စာရင်းကောက်နေ
DVB
·
February 25, 2024
Ayeyarwaddy Youth List SAC_25022024

ဧရာဝတီတိုင်းထဲက မြို့နယ်၊ ရပ်ကွက်တွေမှာ စစ်ကောင်စီက ၁၈ နှစ်နဲ့ ၃၅ နှစ် အမျိုးသားစာရင်းတွေ စတင်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်၊ လေးမျက်နှာ၊ ညောင်တုန်း၊ ဝါးခယ်မနဲ့ မအူပင်မြို့နယ်တို့က ရပ်ကွက်၊ ကျေးရွာတွေမှာ လူငယ်တွေကိုခေါ်ယူ အစည်းအဝေးလုပ်ပြီး စာရင်းလိုက်ကောက်ယူနေတာလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ပုသိမ်မြို့‌ပေါ်နေထိုင်သူတယောက်က “စစ်မှုထမ်းဖို့ စာဝေတာတွေလုပ်တာ မတွေ့ဘူး။ ရပ်ကွက်ထဲ စာရင်းကောက်နေတာမျိုး လုပ်နေတယ်။ နောက် ညဘက် လူပြတ်ချိန် လမ်းမှာတွေ့ရင် လူဖမ်းပြီး ငွေညှစ်တာတွေ လုပ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ညောင်တုန်းမြို့ပေါ်မှာတော့ စစ်မှုထမ်းတာနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်ဝေတာကို စစ်ကောင်စီက ဖေဖော်ဝါရီလ တတိယအပတ်အတွင်း စတင်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ 

လေးမျက်နှာမြို့နယ်နေ ဒေသခံတယောက်က “လေးမျက်နှာမြို့နယ်မှာ ကျေးရွာတွေတရွာ ၁၀ ယောက်ဆို တောင်းတယ်။ ပိုတောင်းတာလုပ်ပြီး ငွေညှစ်ဖို့ လုပ်တာလေ။ အပြောက ၂ နှစ်ဆိုပြီး။ သူတို့ လူငယ်တွေ ဒုက္ခပေးတာ။ အခုဆို ရွာမှာ လူငယ်ကျန်မှာ မဟုတ်ဘူး။ မနေရဲတော့ဘူး” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်တယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဧပြီလမှာ ပထမဆုံး သင်တန်းကို လူဦးရေ ၅,၀၀၀ နဲ့ စတင်ဖွင့်လှစ်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ပြီးတော့ တိုင်းနဲ့ ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေက ဥက္ကဋ္ဌ၊ ဒု တိုင်းမှူးက ဒု ဥက္ကဋ္ဌ ၁၊ လုံနယ်ဝန်ကြီးက ဒု ဥက္ကဋ္ဌ ၂၊ လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ တိုင်းရဲမှူးတို့က အဖွဲ့ဝင်နဲ့ တိုင်းအုပ်ချုပ်ရေးက အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းကြောင်းကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းမှာ ဖေဖော်ဝါရီ ပထမအပတ်က ပုသိမ် နည်းပညာ၊ ကွန်ပျူတာနဲ့ ပုသိမ်တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေကို စစ်သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024