ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဆက်လက်ထိန်းချုပ်ထားတယ်လို့ PNLA ပြောခွင့်ရရှိသူက ဆိုပါတယ်။
မြို့ပေါ်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီတပ်ကတော့ ဆိုက်ခေါင်စံပြကျေးရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က “မြို့ပေါ်အခြေအနေကတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာတော့ရှိပါတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ မြို့ပေါ်ကို ဆက်လက်ထိန်းချုပ်ထားနေပါတယ်။ စစ်ကောင်စီက ဆိုက်ခေါင်ကနေ တရက်ကို ၁၀ ကြိမ်အထက် လက်နက်ကြီး ပစ်ခတ်လာတာရှိပါတယ်” လို့ ပြောပါတယ်။
လေယာဉ်တွေနဲ့ ဗုံးကြဲချတဲ့အတွက် မြို့ပေါ်က နေအိမ်အဆောက်အအုံ အများအပြားနဲ့ မြို့မဈေး မီးလောင်ကျွမ်း ပျက်စီးခဲ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်နက်ကြီးနဲ့ ဆီဆိုင်မြို့ကို ပစ်ခတ်တဲ့အတွက် ဖေဖော်ဝါရီ ၂၀ ရက်က သီရိရပ်ကွက်နယ်မြေ ၃ ထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတယောက် နောက်ကျောဒဏ်ရာ အပြင်းအထန်ရသလို အမျိုးသား၂ ယောက်လည်း ခေါင်းထိပြီး ခြေထောက်မှာလည်း ဒဏ်ရာအများအပြားရရှိခဲ့ပါတယ်။
ဆီဆိုင်မြို့နဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ကင်းထောက်နေပြီး လူစုလူဝေးတွေ့ရင် ဗုံးကြဲချတိုက်ခိုက်တဲ့အတွက် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း အရပ်သား ၇ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းအမျိုးသား ပြည်သူ့စစ် တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး ၄ ရက်အကြာ ဇန်နဝါရီ ၂၈ ရက်မှာ ဆီဆိုင်မြို့ကို PNLA က ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။