ဥရောပတိုက်အလယ်ပိုင်းက ဩစတြီးယားနိုင်ငံရဲ့ မြို့တော် ဗီယင်နာမှာရှိတဲ့ ပြည့်တန်ဆာအိမ် တအိမ်မှာ အမျိုးသမီး ၃ ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက တွေ့ရှိခဲ့ရပြီး မကြာမီမှာ အနီးအနားမှာ အသက် ၂၇ နှစ်အရွယ် သံသယရှိသူ အမျိုးသားတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
ည ၉ နာရီလောက်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရဲအရာရှိတွေဟာ ပြင်းထန်တဲ့ ပြတ်ရှဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ အမျိုးသမီး ၃ ဦးကို ရှာဖွေတွေ့ရှိခဲ့လို့ အဲဒီ နေရာမှာ ရဲအရာရှိတွေက အကြီးစားစစ်ဆင်ရေးကို အမြန်လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ပ် ဟက်စ်လင်ဂါက ရိုက်တာကို ပြောပါတယ်။
“အကြောင်းရင်းကို အခု စုံစမ်းစစ်ဆေးနေပြီး တရားခံရဲ့ နောက်ခံအကြောင်းအရင်းနဲ့ နောက်ထပ် သက်သေတွေ၊ သဲလွန်စတွေကို ဆက်ရှာနေပါတယ်” လို့လည်း သူက ပြောပါတယ်။
အဲဒီပြည့်တန်ဆာအိမ်ဟာ ဗီယင်နာမြို့ရဲ့ အဆင်းရဲဆုံး ခရိုင်တွေထဲက တခုဖြစ်ပြီး ခရိုင်အမှတ် ၂၀ ထဲမှာ ရှိနေပါတယ်။
Source/Photo-Reuters