ရုရှားနိုင်ငံကသာ ယူကရိန်းကို မကျူးကျော်ခဲ့ရင် ဟားမတ်စ်ကလည်း အစ္စရေးကို တိုက်ချင်မှ တိုက်ဖြစ်မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးမှာ ဆင့်ကဲဖြာထွက်တဲ့ အကျိုးဆက်တွေရှိတဲ့အကြောင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက သုံးသပ်ပါတယ်။
“အကယ်၍ ရုရှားကသာ ယူကရိန်းကို မကျူးကျော်ရင်၊ ဟားမတ်စ်ကလည်း အစ္စရေးကို တိုက်ဖြစ်ချင်မှ တိုက်ဖြစ်မှာပါ”လို့ မယ်လိုနီက အီတလီသတင်းစာ အီလ်ဂျော်နာလေးနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံတွင်း ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး လူ ၂၅၀ ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်ကို ရည်ညွှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီလို နိုင်ငံတကာဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိလာတဲ့အခါ၊ ပိုဆိုးတာက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ကိုယ်တိုင်ကိုယ်က ဒီလို ချိုးဖောက်တဲ့အခါ၊ ဆင့်ကဲဖြာထွက်တဲ့ အကျိုးဆက်တွေ အရှေ့အလယ်ပိုင်းကနေ ဘော်လ်ကန်ဒေသအထိ၊ အဲဒီကနေ အာဖရိကအထိ ကမ္ဘာ့အခြားနေရာတွေမှာပါ သက်ရောက်စေခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်က သုံးသပ်ပါတယ်။
မယ်လိုနီက ယူကရိန်းကို ရုရှားကျူးကျော်မှု ၂ နှစ်ပြည့်မှာ ကိယက်ဗ်မြို့တော်ကို သွားရော က်လည်ပတ်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ သတင်းစာက ဒီအင်တာဗျူးကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံတကာရဲ့ တရားဝင်မှုကို ယူကရိန်းမှာ မထူထောင်နိုင်ရင်၊ ပဋိပက္ခဖြစ်ပွားမှုတွေက ဆပွားတိုးလာမှာပဲ”လို့ မယ်လိုနီက ဆိုပါတယ်။
အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေးမူကို ထောက်ခံကြောင်းလည်း အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။
Source/Photo-Reuters