Home
ဆောင်းပါး
လူထုကို ပြည်တွင်းစစ်ထဲ ဆွဲခေါ်တဲ့ စစ်ခေါင်းဆောင်
DVB
·
February 25, 2024
Article 2_25022024

“ဒါက လူထုကို ပြည်တွင်းစစ်ထဲဆွဲခေါ်တာ လူငယ်တွေက ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးရမယ့် အချိန်မှာ ရှေ့တန်းသွားပြီး အသက်ပေးရမှာ တိုင်းပြည်အတွက်လား ဆိုတော့ မဟုတ်ဘူး၊ အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ပြည်ပနဲ့ဖြစ်နေတာ မဟုတ်တော့ စစ်မှုထမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ ပြည်ပထွက်ဖို့ ကြိုးစားနေတဲ့ လူငယ်တဦးက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာလို့ ကြုံရာအလုပ်ကို လုပ်ကိုင်ပြီး ဘဝကို ရှေ့ဆက်နေရတဲ့ လူငယ်တွေဟာ  စစ်ကောင်စီက ထုတ်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် အနာဂတ်တွေ ပျောက်သွားသလို ခံစားရတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်ဆောင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က   တနှစ်အတွင်း စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်လို့ ပြောပြီး   ၂ နှစ်အကြာမှာ အာဏာတည်တဲ့ အကြောင်း လက်မှတ်ရေးထိုးအမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ “ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ”ကို ဦးနေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရက ၁၉၅၉ ခုနှစ် မတ် ၁၁ ရက်မှာ  စတင်ပြဋ္ဌာန်းခဲ့ဖူးပြီး  ၁၉၆၂ ခုမှာ အတည်ပြုကာ နအဖ စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ပြည်သူ့စစ်မှုထမ်းဥပဒေကို”  ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်မှာ ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့တာ  ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေက သူရဲ့ လက်သုံးစကားဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို အခြေခံပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေရဲ့ မူလလားရာဟာ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် တပ်သားသစ် စုဆောင်းရရှိရေးနဲ့ အာဏာသက်ဆိုးရှည်စေဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကို လက်မှတ်မရေးထိုးမီ စစ်ခေါင်းဆောင်ဟာ ဖေဖော်ဝါရီ ၆ ရက်မှာ နိုင်ငံရေးပါတီ ၃၉ ပါတီနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး  ပြည်သူအများစု ပါဝင်တဲ့ လုံခြုံရေးစနစ်ကို စကားဦးသန်းခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“အစက ထင်တာ၊ ပြည်သူ့စစ်ဖွဲ့မယ်လို့ပဲ ထင်ထားတာ။ အဲဒီအချိန်က နေရာတိုင်းမှာ ပြည်သူ့စစ်တွေ အတင်းခေါ်တဲ့ကိစ္စတွေ မဲနှိုက်ပြီး ပေါက်တဲ့သူတွေ ဝင်ရ​တာ။  မြို့ ရွာတွေမှာ ဖြစ်နေတာ ​ကြံ့ခိုင်ရေးတို့ စစ်တပ် ကျောထောက်နောက်ခံပါတီတွေက တောင်းဆိုကြလိမ့်မယ်။ စစ်တပ်က တချတ်ခုတ် သုံးချက်ပြတ် စစ်မှုထမ်းဥပဒေရော၊ အရန်ဥပဒေတွေပါ ထုတ်လိုက်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်တဲ့  စစ်မှုထမ်းဆင့်ခေါ်ရေး(ဗဟို)ကို ၁၈ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်နဲ့ တိုင်းအလိုက် ဝန်ကြီးချုပ်တွေကို တိုင်းနဲ့ပြည်နယ်ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ နေရာပေးကာ ခရိုင်နဲ့ မြို့နယ်တွေကို ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ကိုကိုကလည်း ဖေဖော်ဝါရီ ၁၄ ရက်မှာ နိုင်ငံရေးပါတီ ၄၃ ပါတီနဲ့ တွေ့ဆုံပြီး စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို စည်းရုံးပေးဖို့ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က “နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတဲ့အကြောင်းနဲ့ အမျိုးသားစစ်မှုထမ်း ဥပဒေအရ  ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည် စစ်မှုထမ်းရမယ်”လို့ ပြောဆိုပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီသူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းရှိပြီး အဲ့ဒီထဲကမှ လိုအပ်သူတွေကို ခေါ်ယူပြီး လစာရိက္ခာ အပါအဝင် လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံကနေ  ပြောပါတယ်။

“၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ကျနော်တို့နိုင်ငံမှာ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့ အမျိုးသား ၆ ဒသမ ၃ သန်း အမျိုးသမီး ၇ ဒသမ ၇ သန်းရှိတယ်၊ အာလုံးပေါင်းရင် ၁၃ သန်းကျော်ရှိတယ်။ အဲဒီထဲက လိုအပ်သလောက် တာဝန်ထမ်းဆောင်ခိုင်းမှာ။ ဆေးစစ်တဲ့ ကုန်ကျစရိတ်၊ လစာရိက္ခာအပြင် လိုအပ်တာတွေပေးမယ်။”

ပြည်သူစစ်မှုထမ်းသင်တန်းတွေကို မကြာမီ ပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းအပတ်စဥ်တခုကို စစ်မှုထမ်းမယ့် သူဦးရေ ၅၀၀၀ နဲ့ သင်တန်းပေးသွားမှာဖြစ်ပြီး တနှစ်ကို လူဦးရေ ၆၀၀၀၀ စစ်မှုထမ်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားတွေ ပါဝင်ပြီး ကျွမ်းကျင်ပညာရှင် ဖြစ်ပါက အသက် ၄၅ နှစ်အထိ အကျုံးဝင်ကာ အမျိုးသမီးတွေကိုတော့  အသက် ၁၈ နှစ်မှ ၂၇ အရွယ်အထိ သတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၅ နှစ်အရွယ်အထိ အကျုံးဝင်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘယ်လိုလူတွေ ကင်းလွတ်လဲဆိုတော့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ လင်နဲ့ ကွဲနေတယ်၊  ဒါပေမဲ့ ကလေးတွေ ရှိတယ်ဆို အဲဒီအမျိုးသမီးက စစ်မှုမထမ်းရဘူး။ တပ်က ကင်းလွတ်ထားတဲ့သူကလွဲရင် ကျန်တဲ့သူ အကုန် စစ်မှုထမ်းရမှာ။”

စစ်မှုထမ်းဟောင်း ယာယီရွှေ့ဆိုင်းခွင့်ရရှိသူတွေကတော့ ယာယီဆေး အဆင့်နိမ့်နေသူတွေ၊ နိုင်ငံ၀န်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေတဲ့ တခြား ပြုစုစောင့်ရှောက်မယ့်မရှိတဲ့ မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူတွေ၊ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူတွေနဲ့ ထောင်ဒဏ်ကျခံနေရသူတို့ ဖြစ်ကြပြီး  စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို ထောင်ဒဏ် ၁ နှစ်၊ ၃ နှစ်၊ ၅ နှစ်အထိ အပြစ်ပေး အရေးယူသွားမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေအပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ စစ်ကောင်စီက  ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းမှုတွေ ဆက်တိုက်လုပ်နေလို့ ဒေသခံတွေဟာ  သောကတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့တွေမှာ ကျဆုံးဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ လက်နက်ချ အညံ့ခံသူတွေ များလာတဲ့အတွက် စစ်ကောင်စီက အခုလို လုပ်လာတာလည်း ဖြစ်ပါတယ်။

သုံးနှစ်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတဲ့မြို့နယ် တချို့မှာ စစ်စခန်းပေါင်းရာနဲ့ချီကာ သိမ်းဆည်းခံပြီး ဗိုလ်မှူးချုပ်တွေ သေဆုံးခဲ့ကာ လက်နက်ချ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်တွေကြောင့် တပ်ကို အယုံအကြည် ကင်းမဲ့သွားလည်း ဖြစ်တယ်လို့ တပ်မတော်ထောက်ခံသူတဦးက ပြောပါတယ်။

“စစ်တပ်ကို အစဥ်တစိုက် ထောက်ခံနေတဲ့သူတွေတောင် ရှမ်းမြောက်တိုက်ပွဲတွေကစပြီး အားမလိုအားမရ ဖြစ်ကုန်တယ်။ မင်းအောင်လှိုင်အတွက် စစ်သားတယောက်က တန်ဖိုးမရှိပေမဲ့ မိသားစုအတွက် အဖေတယောက်က အရေးကြီးတယ်။ သေလား ရှင်မလား မသိ၊ အသုဘချခွင့်မရ၊ အဆက်အသွယ်ပြတ်နဲ့ဆိုတော့ တပ်မှာရှိတဲ့သူတွေကိုယ်တိုင် တပ်ထဲမှာမနေချင်ဘူး။ တခြားသူကို စည်းရုံးဖို့ဆိုတာ ဝေးတယ်”လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေထောက်ခံပွဲကို မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မကွေး၊ မိတ္ထီလာ၊ ကျောက်တံတား၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သန်လျင်၊ မင်္ဂလာဒုံ၊ တွံတေး၊ ပုသိမ်၊ ပဲခူး၊ မြစ်ကြီးနား၊ မိုးညှင်း၊ ​တောင်သာ၊ တနိုင်း၊ မြိတ်၊ ဗန်းမော်၊ ပြည်၊ တောင်ငူ၊ မိုးကောင်းမြို့နဲ့ ပူတာအိုမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

စစ်မှုထမ်းဥပဒေထောက်ခံပွဲတွေကို တပ်ထောက်ခံသူ၊ အုပ်ချုပ်ရေး၊ ကြံ့ခိုင်ရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ ပူးပေါင်းပြုလုပ်ခဲ့ပေမဲ့ သူတို့ကိုယ်တိုင် စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိပါဘူး။

တောင်ငူ မိုင်ဒါကွင်းမှာ ပြုလုပ်တဲ့ စစ်မှုထမ်းဥပဒေထောက်ခံပွဲ တက်သူတဦးက “ဒီပွဲတွေကို အမျိုးသားရေးသမားတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းပြီးတော့ လုပ်တာ။ ပွဲပြီးတော့ နာမည်၊ နေရပ်လိပ်စာ လာတောင်းတယ်။ ဘာလို့လဲမေးတော့ ဌာနက ကောက်ခိုင်းတယ် ပြောတယ်။ ကျနော်တို့က တပ်ကို ထောက်ခံတာပဲရှိတယ်၊ စစ်ထဲ မဝင်ချင်ကြဘူး” လို့ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက စစ်မှုထမ်းဥပဒေထောက်ခံပွဲ ပြုလုပ်ခဲ့တဲ့ မြို့နယ် ၂၃ မြို့နယ်က တပ်ထောက်ခံသူတွေ စာရင်းကို  ကောက်ယူခိုင်းပြီးနောက် ထောက်ခံပွဲတွေ တိတ်ဆိတ်သွားခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ထိတ်လန့်နေ့ချိန်မှာ စစ်တပ်က ပြည်နယ်နဲ့တိုင်း ဒေသကြီး တချို့မှာ ပေါ်တာဆွဲတာနဲ့ စစ်သားစုဆောင်ရေးကို လုပ်ဆောင်လာပါတယ်။

မင်္ဂလာဒုံမြို့ခံတဦးက “မင်္ဂလာဒုံစက်မှုဇုန်က အလုပ်ကပြန်လာတဲ့ ကလေးတွေ အဖမ်းခံရတာ ရှိတယ်။ စစ်တပ်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ တချို့ဆို ၁၀ သိန်းပေးရတယ်။ တချို့က ၅ သိန်း။ ပေးရတာ ချင်းမတူဘူး။ မပေးနိုင်တဲ့သူက သတင်းအစအနမရဘူး။ စစ်သင်တန်း ပို့လိုက်တာနေမှာ။ အဖမ်းခံရလို့ ပိုက်ဆံပေးတာတောင် ပြန်မပြောရဲဘူး”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အမိန့်အောက်မှာ လက်အောက်ငယ်သားတွေ ခွင်တွေ့နေပြီး လူငယ်တွေကို ဖမ်းဆီးကာ မိဘတွေကို  ငွေနဲ့ပြန်ရွေးခိုင်းခဲ့တာ စစ်တပ် အာဏာသိမ်းစသိမ်းတည်းက ဖြစ်တယ်လို့ စစ်သားစုဆောင်းရေးတပ်ဆွယ်မှ အငြိမ်းစားတဦးက ပြောပါတယ်။

“အဲဒါ နယ်မြေလုံခြုံရေးကောင်တွေ ရဲနဲ့ပေါင်းပြီး ခွင်ရှာတာ။ စစ်သားစုဆောင်းရေးက တယောက်ကို ၂၅ သိန်းကနေ ၃၀ အထိရတယ်ဆိုတော့ တောင်းစရာမလိုဘူး။ ဒါပေမဲ့ တပ်သားသစ်တယောက် ရဖို့လည်း မလွယ်ဘူး။”

စစ်သားစုဆောင်းရေးတပ်ရဲ့တာဝန်က  ရန်ကုန်ရှိ မီးရထားဘူတာနဲ့ အဝေးပြေးကားဝင်း အပါအဝင် လူစည်ကားနေရာတွေမှာ လူအခြေအနေကို ကြည့်ကာ တပ်သားသစ်စုဆောင်းတာမျိုးဖြစ်ပြီး စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် ဝန်ပေါ့သွားတယ်လို့  စစ်သားစုဆောင်းရေး တပ်ဖွဲ့ဝင်ဟောင်းက  ပြောပါတယ်။

ရပ်ကွက် ဒါမှမဟုတ် ကျေးရွာတရွာမှာ စစ်မှုထမ်းရမယ့်သူ တဦး၊ နှစ်ဦးထက် မပိုနိုင်ဘူးလို့ စစ်ကောင်စီက ပြောဆိုထားပေမဲ့ မြေပြင်မှာတော့ စစ်မှုထမ်းဥပဒေမှာ သာမန် အခြေခံလူတန်းစားတွေအတွက်သာ ဖြစ်တယ်လို့ တောင်ဒဂုံမြို့ခံတဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာ တခုခုဆို အဆင်မပြေတဲ့သူ အုပ်ချုပ်ရေးနဲ့ မတည့်တဲ့သူတွေ ငွေကြေး မလှူဒါန်းနိုင်သူတွေပဲ ကင်းစောင့်ရ၊ မြောင်းဖော်ရတာ၊ အလှည့်ကျစနစ်ဆိုတာတောင် မရှိဆင်းရဲသားတွေက စစ်မှုအရင်ထမ်းရမှာ။”

လတ်တလော စစ်ကောင်စီဘက်က ကားဂိတ်၊ ဘူတာနဲ့လမ်းဆုံတွေမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်တွေနဲ့ စည်းရုံးနေသလို အုပ်ချုပ်ရေးမှူးတွေကတဆင့် စည်းရုံးနေတာလည်း ရှိတယ်လို့ တိုင်းအစိုးရနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“စာရင်းတွေကို ကောက်ဖွဲ့ လတ်တလောအဖွဲ့တွေ ဖွဲ့တုန်း မေလလောက်မှာ စမယ်ထင်တယ်။ ဧပြီလထဲမှာ စာရင်းအပြီးကောက်ရမှာ။”

ပြည်သူ့စစ်မှုထမ်းဥပဒေကို မှန်ကန်စွာအသုံးချပါက တိုင်းပြည်အတွက် အကျိုးရှိစေနိုင်ပြီး လွဲမှားစွာ အသုံးချပါက နိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ အငြိမ်းစားဗိုလ်မှူးတဦးက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေထဲမှာ ပါတဲ့အတိုင်း သာမန်လူဆို ၂ နှစ် တာဝန်ထမ်းဆောင်ရမယ်ပေါ့။ တကယ်လို့ ၂ နှစ်ပြည့်သွားလို့ ပေးမထွက်ရင် ဘယ်သူ တာဝန်ယူမလဲပေါ့။ တချို့ဆို ဝင်တုန်းက ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီး ထွက်ခွင့်ပြုပါ့မယ်ဆိုပြီး မထွက်ရလို့ ရှေ့တန်းမှာ သေသွားတဲ့သူတွေ တပုံကြီး။ ဘယ်လောက်အတိုင်းအတာအထိ စစ်မှုထမ်းရမယ်ဆိုတာ ထုတ်ပြန်သင့်တာ။”

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး စစ်အင်အားတိုးချဲ့တာမျိုး ပြည်သူကို သတ်ကွင်းထဲပို့ပြီး လူသားဒိုင်းအနေနဲ့ မိမိတပ်အတွက် ကာကွယ်တာမျိုးဖြစ်မှာ ပူပန်မိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွင်း သွေးကွဲမှု၊ စည်းလုံးမှုပြိုကွဲမှုနဲ့ တပ်ရင်းအလိုက် ထွက်ပြေးတဲ့ ကိစ္စတွေအပြင် တပ်သားသစ် စုဆောင်းမရတာကြောင့် စစ်ခေါင်းဆောင်က ပြည်သူ့စစ်၊ အရန်အင်အားတပ်ဖွဲ့ဥပဒေနဲ့  ပြည်သူ့ စစ်မှုထမ်းဥပဒေတွေကို ဆက်တိုက်ထုတ်လာပါတယ်။

ဒါ့အပြင်  စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်သူ့စစ်တွေကို ဖေဖော်ဝါရီလ ၂ ရက်မှစတင်ကာ ဒစကဌာနချုပ်တွေကတဆင့် လက်နက်ထောင်ချီ ထောက်ပံ့ခဲ့တာလည်း ရှိပါတယ်။

ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီးက စစ်မှုထမ်းဥပဒေနဲ့ ကန့်ကွက်နေကြပေမဲ့ စစ်ကောင်စီက ဝါဒဖြန့်မှုတွေကို ဆက်တိုက်လုပ်ဆောင်ပြီး စစ်တပ်အင်အားတိုးချဲ့မှုကို ပုံဖော်နေပါတယ်။

စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်လို့မနိုင်တော့ ပြည်သူတွေကို သူတို့ဘက်က ကူတိုက်ခိုင်းဖို့ စစ်မှုထမ်းဥပဒေထုတ်တာလို့ ပြည်ပထွက်ဖို့ကြိုးစားနေတဲ့ လူငယ်တဦးက ပြောပါတယ်။ 

“ပြောရရင်တော့ ပြည်သူတွေကို ပြည်တွင်းစစ်ထဲ ဆွဲခေါ်တာ”လို့ လူငယ်က ဆိုနင့် ကြေကွဲစွာနဲ့ ပြောပါတယ်။

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024