ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ် ရွှိုင်ဂူဟာ ယူကရိန်းနိုင်ငံထဲမှာ တိုက်ပွဲဝင်နေတဲ့ ရုရှ တပ်ဖွဲ့ဝင်တွေဆီ သွားရောက် ကြည့်ရှုခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ခရီးစဉ်ဟာ ယူကရိန်း - ရုရှား ပဋိပက္ခစတဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေပြီး ရွှိုင်ဂူဟာ အထူးစစ်ရေးဇုန်ရှိရာ ရုရှားစစ်တပ် ကွပ်ကဲမှုဗဟိုဌာနမှာ ထိပ်တန်းစစ်ဘက် အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးဌာနက နေရာအတိအကျ မဖော်ပြဘဲ ပြောခဲ့ပါတယ်။
ယူကရိန်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ ဗဟိုအဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အန်ဒရီ မော််ဒဗစ်ချတ်က အဗ်ဒီးကားမြို့မှာ ယူကရိန်း တိုက်ခိုက်ရေးသမား အနည်းဆုံး ၂၀၀ ကို ဖမ်းဆီးခဲ့တယ်လို့ အစီရင်ခံခဲ့ပြီး ဒီထက်ပိုပြီးဖမ်းနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
အဗ်ဒီးကာမြို့ကျဆုံးပြီးတဲ့နောက် ယူကရိန်းတပ်တွေ ပရမ်းပတာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
စစ်မြေပြင်မှာ အောင်ပွဲတွေ ထပ်တည်ဆောက်ဖို့ ရုရှားတပ်ဖွဲ့ဝင်တွေ ယူကရိန်းနိုင်ငံထဲကို ထပ်ပြီး ထိုးစစ်ဆင် သွားဦးမယ်လို့ ရုရှသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာလည်းဖေဖော်ဝါရီ ၂၄ ရက်က ရုရှားစစ်အင်အားကိုပြတဲ့ ပြပွဲတခုအတွင်း ရာချီတဲ့လူတွေ စုဝေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ နှစ်ရက်တာ အခမ်းအနားအတွင်း တင့်ကားတွေ၊ ခဲယမ်းမီးကျောက်တွေ၊ တခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ခင်းကျင်းပြသထားတာကို ကလေး သူငယ်တွေ အပါအဝင် ပြည်သူတွေကို အနီးကပ်ကြည့်ခွင့် ပေးခဲ့ပါတယ်။
ရုရှားနိုင်ငံသားတွေက ကမ္ဘာကြီးကို ပြောင်းလိုက်ပြီလို့ နာမည်ပေးထားတဲ့ ဒီပွဲတော်ဟာ ယူကရိန်း ပဋိပက္ခ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ နဲ့ တိုက်ဆိုင်နေပါတယ်။
Source/Photo-Reuters