ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုထဲက ဖြီကျွတ်နဲ့ လွယ်ခြယ်ကျေးရွာတို့မှာ ပအိုဝ်းအမျိုးသားပြည်သူ့စစ် PNA တပ်က တအိမ်ကို ငွေ ၁၀ သိန်းစီ ကောက်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ရွာသူကြီးကို ငွေကောက်ဖို့ အမိန့်ပေးထားပြီး ရပ်ရွာထဲက လူငယ်ခေါင်းဆောင်တွေကို တအိမ် ၁၀ သိန်း မထည့်မနေရပုံစံနဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကစပြီး ကောက်ခိုင်းနေတယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “သူတို့ ကိုယ်တိုင် မဆင်းဘူး၊ ဒီဘက်က PNLA တပ်နဲ့ နီးတယ်လေ။ ရွာသူကြီးတွေကို အမိန့်ပေးတာ။ ရွာသူကြီးကနေ လူငယ်ခေါင်းဆောင်တွေကို ကောက်ခိုင်းတာ။ အပြင်လူတောင် ပေးမပြောဘူး။ ကျမကို အမေက ငွေ ၁၀ သိန်း ရှာခိုင်းတယ်။ အဘွားအိမ်၊ အဒေါ်အိမ် ၃ အိမ်စာကို သိန်း ၃၀ ပေးရမှာ” လို့ ပြောပါတယ်။
ဖြီကျွတ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ နီးပါး၊ လွယ်ခြယ်ကျေးရွာမှာတော့ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဆီဆိုင်မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားပြည်သူ့စစ်က တပ်သားသစ် စုဆောင်းဖို့အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို တအိမ်တယောက် ခေါ်ယူနေပြီး တပ်ထဲမဝင်ရင် ငွေ ၇ သိန်းကနေ ၁၀ သိန်း ကောက်ခံနေတာလို့ သိရပါတယ်။
နောင်ထောဝ်ကျေးရွာနေ အမျိုးသမီးတယောက်ကလည်း “အမေ ဖုန်းဆက်လာတယ်။ ပိုက်ဆံရှာခိုင်းတယ်။ နောင်ထောဝ်မှာ ဖုန်းလိုင်းမရတော့ ဖြီကျွတ်ရွာအထိ သွားပြီး ဖုန်းသွားပြောတာ။ သူများ လာကောက်လို့ မပေးနိုင်ရင်လည်း ဘာလုပ်မှာလဲ မသိနိုင်လို့ ပိုက်ဆံ အဆင်သင့် ရှာထားပေးရတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်တို့မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားပြည်သူ့စစ် PNA တို့ အကြား တိုက်ပွဲတွေဖြစ်နေပြီး ဆီဆိုင်မြို့ကို PNLA က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။