ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်က ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးရုံတက်နေတဲ့ လူနာနဲ့ လူနာစောင့်တွေအားလုံး ဧည့်စာရင်းတိုင်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဆေးရုံတွေကို လူနာအသစ်ရောက်လာရင် စာရင်းကောက်ပြီး ဆေးရုံကနေ ဧည့်စာရင်း တိုင်ပေးနေရတာလို့ စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေအတည်ပြုပြီး ဖေဖော်ဝါရီ ၁၃ ရက်နောက်ပိုင်းမှာ တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေက လူနေအိမ်တွေမှာ ဧည့်လက်ခံတာ၊ နယ်ဝေးကနေ ဆေးရုံလာတက်တာတွေနဲ့ အဆောင် နေထိုင်သူတွေကအစ လူစာရင်းအကုန် ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ပေါ်က ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးရုံတက်နေတဲ့အမျိုးသမီးတယောက်က “လူနာရယ်၊ လူနာစောင့်စာရင်းတွေရယ်ကို ဆေးရုံက လာကောက်တယ်၊ အုပ်ချုပ်ရေးပိုင်းကို တင်ပြဖို့လို့တော့ ပြောတယ်။ မှတ်ပုံတင်နံပါတ်ရယ်၊ အလုပ်အကိုင်ရယ်၊ နေတဲ့မြို့ရယ်ကို သေသေချာချာ ပြောပေးရတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး တောင်ကြီးမြို့ပေါ်ရပ်ကွက် ၂၂ ခုမှာလည်း အိမ်ငှားသူ၊ အဆောင်နေထိုင်သူတွေအားလုံး တကိုယ်လုံးပုံနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ လူကိုယ်တိုင် သွားရောက်ပြီး ဧည့်စာရင်းတိုင်ရတယ်လို့ သိရပါတယ်။
မြို့ပေါ်က စားသောက်ဆိုင်၊ KTV၊ BAR နဲ့ ဟိုတယ်တွေမှာလည်း အုပ်ချုပ်ရေးပိုင်းနဲ့ စစ်ကောင်စီတို့ပေါင်းပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေရှိပါတယ်။
တောင်ကြီးမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်နဲ့ မြို့တွင်းက အချက်အချာကျတဲ့နေရာတွေမှာလည်း စစ်ကောင်စီ တပ်သားတွေ အများအပြား နေရာယူထားပါတယ်။