မော်လ်တာကမ်းလွန်မှာ တိမ်းမှောက်သွားတဲ့လှေကို ဖေဖော်ဝါရီ ၂၃ ရက် သောကြာနေ့က ကယ်ဆယ်ခဲ့ရာမှာ အမျိုးသမီး တဦးအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၅ ဦး သေဆုံးသွားတယ် လို့ ကျွန်းစုလက်နက်ကိုင်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပင်လယ်ရေနဲ့ လောင်စာဆီ အမြောက်အမြားကို မျိုချမိသူ ၂ ဦးအပါအဝင် တခြားသူ ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြပြီး ဆေးရုံကို ပို့ဆောင်ထားပါတယ်။
မော်လ်တာ တောင်ဘက် ၄ မိုင်အကွာမှ လှေမှောက်မှုဟာ နေ့လယ်ပိုင်းအချိန်လောက်မှာ ဖြစ်ပွားခဲ့ကြောင်း မော်လ်တာ လက်နက်ကိုင်တပ်ဖွဲ့ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး အက်ဒရစ် ဇာရာ က သတင်းထောက်တွေကို ပြောပါတယ်။
ကျွန်းစုတပ်ဖွဲ့ဟာ ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦးကို ကယ်ဆယ်ပြီး ရွှေ့ပြောင်းနေထိုင်သူ စင်တာကို ခေါ်ဆောင်သွားခဲ့ပါတယ်။
သူတို့ဟာ ဆီးရီးယား၊ အီရစ်ထရီးယား၊ အီသီယိုးပီးယားနဲ့ အီဂျစ်တို့မှ ဖြစ်တယ်လို့ ယူဆကြပါတယ်။
မော်လ်တာရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မနှစ်က ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူ ၃၈၀ ဦးကို ကယ်တင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဘိုင်ရွန် ကမစ်လရီက ဇန်နဝါရီလ တုန်းက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
မြောက်အာဖရိကကနေ မြေထဲပင်လယ်ကို ဖြတ်ကူးပြီး အီတလီ သို့မဟုတ် မော်လ်တာကို လာရောက်ခြင်းတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းတွေ ထဲမှ တခုဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ အများစုကတော့ အီတလီကို ဦးတည်နေကြပါတယ်။ မနှစ်တုန်းက ရွှေ့ပြောင်းနေထိုင်သူ ၂,၅၀၀ နီးပါးဟာ အဲဒီလမ်းကြောင်းပေါ်မှာပဲ သေဆုံး၊ ပျောက်ဆုံး သွာတာတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters