စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကတိုက်ပွဲမှာ ချင်းအမျိုးသားအဖွဲ့ချုပ် CNDF ရဲ့ ဒု စစ်ဦးစီးချုပ်နဲ့ CNDF တပ်ဖွဲ့ဝင်ရဲဘော်အမျိုးသမီး ၁ ယောက် အပါအဝင် ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက် မနေ့က တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာဖြစ်ပြီး CNDF ဒု စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး၊ CNDF ရဲမေ ရွှေနွန်ကိမ်၊ CNDF တပ်ဖွဲ့ဝင် ဆလိုင်းမန်ပူနဲ့ အာမောစ်ဗန်နိုက်လျန် တို့ ၄ ယောက်ကျဆုံးခဲ့တာပါ။
CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ တပ်မဟာ ၁ တပ်ဖွဲ့ဝင်တယောက်က “ကျဆုံးထားတာက ဟုတ်ပါတယ်ခင်ဗျ။ ၂၂ ရက်နေ့ စက္ကန့်တိုက်ပွဲမှာက ဆလိုင်းမန်ပူ ကျဆုံးတယ်။ ၂၃ ရက်နေ့ မှန်တောတိုက်ပွဲမှာက ဒု စစ်ဦးစီးချုပ်နဲ့ ရဲဘော် ၂ ဦးကျဆုံးတယ်။ ကျနော်တို့ အခုထိ ရှေ့တန်းကနေ အလောင်းပြန်ရတာမျိုး မရှိသေးဘူး။ အလောင်းပြန်ရယူနိုင်ဖို့ ကြိုးစားနေတယ်” လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
လက်ရှိမှာတော့ ကလေးမြို့ပေါ်နဲ့ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကတော့ ကလေးမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က မိုင်းဆွဲတာနဲ့ ပြန်လည်ခုခံ တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးထားတာတွေရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောထားပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့က စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တာနဲ့ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ကလေးမြို့ပေါ်ရပ်ကွက်က မြို့ခံအမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ-Rody Zin