Home
နိုင်ငံတကာ
ယူကရိန်းကျူးကျော်မှုနှင့် နာဗယ်လ်ညီ သေဆုံးမှုအတွက် လူ ၅၀၀ ကို ပိတ်ဆို့အရေးယူဟု အမေရိကန် သမ္မတ ပြော
DVB
·
February 24, 2024

အမေရိကန်ပြည်ထောင်စုဟာ မော်စကိုက ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မှု ဒုတိယ နှစ်ပတ်လည် အထိမ်းအမှတ်နဲ့ ရုရှားအတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီ သေဆုံးမှု အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ လူ ၅၀၀ ကျော်ကို ပစ်မှတ်ထားပြီး ရုရှားအပေါ် ပြင်းထန်တဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာခဲ့ပြီး မကြာခင်မှာ ရုရှားနိုင်ငံနဲ့ပတ်သက်လို့ တခြား G7 ခေါင်းဆောင်တွေအပြင် ဥရောပသမဂ္ဂနဲ့ နေတိုး အကြီးအကဲတွေနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

“အလက်ဇီရဲ့ ရဲစွမ်းသတ္တိကို သူ့မိသားစုက ဆက်ခံခဲ့ပြီး ကမ္ဘာတဝန်းမှာ ဆက်လက်ရှင်သန်နေဦး မယ်လို့ အာမခံခဲ့ပြီးတော့ ပူတင်ကိုလည်း သူ့ရဲ့ ပြည်ပရန်စမှုတွေနဲ့ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ အတွက် တန်ကြေး ပေးဆောင်ဖို့ အမေရိကန်ပြည်ထောင်စုမှာ ဆက်လက် လုပ်ဆောင်သွားမယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

သောကြာနေ့က အမေရိကန်ဘဏ္ဍာရေးဌာနဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း  ၃၀၀ နီးပါးကို ပစ်မှတ်ထားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၂၅၀ ကျော်ကို တိုက်ခိုက်ခဲ့ကာ ကုန်သွယ်ရေးဌာနဟာ ကုမ္ပဏီ ၉၀ ကျော်ကိုတော့ နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာလို့ ယူဆရတဲ့ ကန့်သတ်စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။ 

ဒီပိတ်ဆို့အရေးယူမှုတွေမှာ ရုရှားနိုင်ငံရဲ့ မီယာ ငွေပေးချေမှုစနစ်၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ သူ့ရဲ့ စစ်ဘက်စက်မှု အခြေစိုက်စခန်း၊ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲမှု၊ အနာဂတ်စွမ်းအင် ထုတ်လုပ်မှုနဲ့ တခြားနယ်ပယ်တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ 

နာဗယ်လ်ညီ သေဆုံးမှုနဲ့ ဆက်နွှယ်တယ်လို့ အမေရိကန်က ပြောထားတဲ့ ထောင်အရာရှိတွေလည်း အရေးယူစာရင်းထဲ ပါဝင်ပါတယ်။ 

ပိတ်ဆို့အရေးယူမှုအပေါ် မှတ်ချက်ပေးဖို့  တောင်းဆိုချက်ကို ဝါရှင်တန်ရှိ ရုရှားသံရုံးက ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။ 

ရုရှားကို ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့ကလည်း သောကြာနေ့မှာ အရေးယူခဲ့ပါတယ်။ အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရုရှားပစ်မှတ်ထောင်ပေါင်းများစွာအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024